KIA Sportage 2019 Review (Local)

0

Full article

ဒီဇိုင်းရဲ့ ဆန်းသစ်မှုကြောင့် လူတွေရဲ့အမြင်ကို ဖမ်းစားနိုင်တဲ့ ကားတွေထဲမှာ Kia ကထုတ်တဲ့ကားတွေရှေ့ဆုံးကပါဝင်တယ်။ Kia Sportage အသစ်ကတော့ ပိုမိုသစ်လွင်တဲ့ပုံစံနဲ့ ထွက်ရှိလာတဲ့ SUV ဖြစ်ပြီး သေသပ်လှပတဲ့ တန်ဖိုးမြင့်အတွင်းခန်းနဲ့ ထုတ်လုပ်လိုက်တာပါ။ ကားရဲ့ပုံစံနဲ့ တပ်ဆင်ပေးထားတဲ့အဆင့်မြင့်နည်းပညာတွေအရဆိုရင်တော့ ဈေးနှုန်းခြင်းတူရင် Kia ရဲ့ Sportage အသစ်ကိုသာ ရွေးချယ်မိမှာပါလို့ ပြောပါရစေ။

ဈေးနှုန်း

Kia Sportage 2019 : $55,000 (ရန်ကုန်လိုင်စင်+အခွန် အပြီးအစီး)

အားသာချက်

  • တွေ့လိုက်တာနဲ့ လှည့်ငေးလောက်စရာ ပုံစံရှိခြင်း
  • ခေတ်မီနည်းပညာတွေအများအပြားတပ်ဆင်ပေးထားတဲ့ အတွင်းခန်းပါဝင်ခြင်း
  • မောင်းနှင်ရာမှာ သွက်လက်မှု အထူးရှိခြင်း

အားနည်းချက်
– လူငယ်ပိုင်းသာ ပိုမိုနှစ်သက်ဖွယ်ရာ ပုံစံဖြစ်ခြင်း
– Boot အပိုင်းတွင် ပိုမိုကျယ်ဝန်းတဲ့ အခြားရွေးချယ်စရာများရှိခြင်း
– Safety ပိုင်းအရ ကောင်းမွန်သော်လည်း ပိုမိုကောင်းမွန်သော ရွေးချယ်စရာများရှိခြင်း

သုံးသပ်ချက်

တကယ်လို့သာ ပုံစံသစ်လွင်တဲ့ မိသားစုစီး SUV တစ်စီးကို ရှာဖွေနေသူတစ်ယောက် ဆိုရင်တော့ ရေရှည်ကုန်ကျစာရိတ်သက်သာပြီး ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ အတွင်းခန်းနဲ့ Kia Sportage 2019 ဟာ အသင့်လျော်ဆုံး ရွေးချယ်စရာ ကားတစ်စီးဖြစ်တာ သေချာပါတယ်။ SUV တွေထဲမှာမှကို ပိုမိုကျယ်ဝန်းတဲ့ boot နဲ့ ကားတွေ၊ Safety ပိုင်းအရ ပိုမိုအဆင့်မြင့်တဲ့နည်းပညာတွေပါဝင်တဲ့ အခြားရွေးချယ်စရာတွေ ရှိနေပေမယ့်လည်း ဈေးနှုန်းကတော့ ပိုပေးရမှာပါ။
Kia ကထုတ်တဲ့ကားတွေရဲ့ ပုံစံမှာ ကိုယ်ပိုင်ဟန်ရှိပါတယ်။ ကားမောင်းနေရင်း ကားပုံစံခပ်ဆန်းဆန်းလေးမြင်မိလို့ brand ကြည့်လိုက်မယ်ဆိုရင် ၁ဝ စီးမှာ ၇ စီးလောက်က Kia တွေဖြစ်နေလေ့ရှိတာပါ။ ဒီလိုမျိုး ဆန်းသစ်တဲ့ပုံစံတွေထဲမှာကိုက Sportage ဟာ မြင်လိုက်တာနဲ့ ပေါ့ပါးဖျတ်လတ်ပြီး သက်သောင့်သက်သာနဲ့ မောင်းလို့ကောင်းမယ့် ကားပုံစံမျိုး။
အခု ၂ဝ၁၉ Kia Sportage အသစ်မှာတော့ ပြောင်းလဲမှုအဖြစ်နဲ့ dark chrome နဲ့ bumpers ဒီဇိုင်းအသစ်တွေ၊ ခေတ်နဲ့အညီ တုန့်ပြန်မှုကောင်းတဲ့ ၈ လက်မ infotainment မျက်နှာပြင်၊ gear အပြောင်းအလဲတွေကို ပိုမိုချောမွေ့စေမယ့် 8 speed transmission ၊ model အဟောင်းထက် ပိုကျယ်တဲ့ အတွင်းခန်း၊ မီးခွက်ဒီဇိုင်းအသစ်တွေ၊ အလွိုင်းဒီဇိုင်းအသစ်တွေ တပ်ဆင်ပေးထားတာတွေ့ရပါတယ်။
အင်ဂျင်ကတော့ CRDI 16V အင်ဂျင်ကိုအသုံးပြုထားတာတွေ့ရပြီး 2.0 litre ဒီဇယ်အင်ဂျင်ပါ။ အမြန်လမ်းတွေပေါ်မှာ သက်သက်သာသာနဲ့ မောင်းနှင်နိုင်မယ့် SUV တစ်စီးအတွက် လိုက်ဖက်ညီတဲ့ အင်ဂျင်လို့ဆိုနိုင်ပေမယ့် မြို့ထဲသွားလာဖို့အတွက်ဆိုရင် 174hp ထုတ်လွှတ်နိုင်မယ့် 1.6-litre ဓါတ်ဆီအင်ဂျင်ရွေးချယ်စရာ ပါလာရင်တော့ ပိုမိုကောင်းမွန်ပါလိမ့်မယ်။
ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ Kia Sportage အသစ်ဟာ စတိုင်ကျ၊ ကျယ်ဝန်း၊ sporty ဖြစ်တဲ့ SUV ကားအမျိုးစားဖြစ်ရုံသာမက ပေးရတဲ့ဈေးနဲ့ ထိုက်တန်တဲ့ အတွင်းခန်းရဲ့သားနားခြင်း၊ စုံလင်တဲ့ ပစ္စည်းပစ္စယတွေပါဝင်ခြင်း စတာတွေနဲ့ ပြည့်စုံတဲ့ ကားတစ်စီးပါပဲ။

အတွင်းခန်း

အတွင်းခန်းကို မဝင်ခင် စ သတိထားမိတာကတော့ Kia ရဲ့ smart welcome system ပါ။ ဒီစနစ်ကတော့ သက်ဆိုင်ရာ smart key သယ်ဆောင်လာတဲ့လူတစ်ယောက်ဟာ ကားနဲ့ ၅ဝ ကနေ ၁ဝဝ စင်တီမီတာ အကွာအဝေးဇုံထဲကိုရောက်ရင်ပဲ တောင်ပံနောက်ကြည့်မှန်တွေကို ခေါက်နေရာပြန်ဖြန့်ပေးပြီး မှန်မှာ တပ်ဆင်ထားတဲ့မီးတွေလည်း လင်းလာတဲ့စနစ်ပါ။ တံခါး lock လည်းပွင့်သွားပြီး handle light လည်းလင်းလာတဲ့အတွက် ညပိုင်းတွေမှာပါ ကားထဲဝင်ဖို့အတွက် တော်တော်လေး အဆင်ပြေနိုင်ပါတယ်။
အတွင်းခန်းကို ဝင်ဝင်ခြင်းသတိထားမိတာကတော့ ခေါင်က နိမ့်သလိုမျိုးဖြစ်နေတာပါ။ အမှန်ကတော့ Kia Sportage အသစ်ရဲ့ခေါင်က မနိမ့်ပါဘူး။ ထိုင်ခုံကမြှင့်ပေးထားတာဖြစ်ပြီး electric စနစ်နဲ့စိတ်ကြိုက်ချိန်ညှိလိုက်တဲ့အခါမှာ နေရာတကျဖြစ်သွားတော့တာပါပဲ။ ခွေကိုကိုင်လိုက်တဲ့အခါ သားရေသား steering ဖြစ်နေတာကလည်း ကျေနပ်စရာပါ။ Gear Knob ကလည်း သားရေအစစ်အုပ်ထားပါတယ်။ သားရေသားတွေကို ထိတွေ့ရတာဟာ ပလတ်စတစ်အကောင်းစားတွေထက် အာရုံခံစားမှုပိုင်းမှာ အမြဲတမ်းသာပါတယ်။ Pedals တွေကလည်း အလွိုင်းတွေနဲ့ဆိုတော့ တကယ့်ကို sporty ဆန်တဲ့ Sportage လို့ပြောရမှာပါပဲ။
နောက်ထပ် ကျေနပ်စရာကောင်းတာတစ်ခုကတော့ air-conditioning အပိုင်း။ အခုလို အပူရှိန်တွေတအားတက်နေတဲ့ ကိုယ်တွေလိုနိုင်ငံမျိုးတွေမှာ ကားပေါ်တက်ပြီးပြီးခြင်း air-con လိုက်ရှာမိတာကိုတော့ အပြစ်မဆိုကြပါနဲ့။ Sportage မှာတပ်ဆင်ပေးထားတဲ့ air-conditioning က D-FACT လို့ခေါ်တဲ့ Dual Zone Full Auto Temperature Control ဖြစ်ပြီး ခလုတ်လေး တစ်ခုဖွင့်လိုက်ရုံနဲ့ အရှေ့ခန်းရော အနောက်ခန်းရော အအေးအားကောင်းတာ တွေ့ရပါတယ်။
ယှဉ်ကြည့်မယ်ဆိုရင် Sportage အဟောင်းထက် ပိုကြီးတဲ့ Panoramic Sunroof ပါတာတွေ့ရတယ်။ ဒါပေမယ့် ကိုယ်တွေလိုမျိုး နေရောင်များတဲ့ နိုင်ငံမျိုးတွေအတွက် သိပ်ကြီးတော့ အသုံးမတည့်လှပါဘူး။ အမှန်အကန် အသုံးတည့်မှာက အပူအအေး ပေးနိုင်တဲ့ အရှေ့ထိုင်ခုံတွေပါ။ နေပူပူမှာ ကားကိုကြာကြာရပ်ထားပြီးချိန် လူတိုင်းရဲ့ အတောင့်တဆုံး feature လို့လည်း ပြောလို့ရပါတယ်။
သဘောကျတာနောက်တစ်ခုကတော့ wireless smartphone charger ပါ။ လောလောဆယ်တော့ အဆင့်မြင့်ကားတွေမှာမှ ပါတတ်တဲ့ function ဖြစ်ပါတယ်။ iPhone 8 နောက်ပိုင်းနဲ့ နောက်ဆုံးထွက် Android ဖုန်းအများစုအတွက် တင်ထားရုံနဲ့ battery အားပြည့်စေမှာဖြစ်တာကြောင့် တကယ့်ကို အသုံးဝင်မှာ သေချာပါတယ်။
တပ်ဆင်ပေးထားတဲ့ Air Purifier ကိုလည်း နှစ်သက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သိတဲ့အတိုင်း ကိုယ်တွေက ပူပြင်းတဲ့နိုင်ငံမှာနေကြသူတွေ။ ချွေးများများ ထွက်လေ့ထွက်ထရှိသူတွေ။ Kia Sportage အသစ်မှာပါတဲ့ Air Purifier က အနံအသက်တွေပျောက်စေပြီး လေကိုလည်း သန့်စင်ပေးနိုင်ပါတယ်။ ကားတွင်းရနံအတွက် ငွေကြေးထပ်ကုန်စရာမလိုတော့ဘူးပေါ့။

လက်တွေ့ဆိုရင်

Kia Sportage ရဲ့ နောက်ဖုံးအတွင်း ဝင်ဆံ့မှုကတော့ 503 litres ရှိပါတယ်။ Nissan Qashqai နဲ့ Renault Kadjar တို့ထက်ပိုမို ဝင်ဆံ့တယ်လို့ဆိုရမှာပါ။ တကယ်လို့ အနောက်ထိုင်ခုံတွေကို ခေါက်လိုက်မယ်ဆိုရင်တော့ boot ရဲ့ ဝင်ဆံ့မှုက 1,492 litre အထိဝင်ဆံ့မှာဖြစ်ပြီး မွေ့ယာခင်းလိုက်မယ်ဆိုရင် လူနှစ်ယောက် ကောင်းကောင်းအိပ်ပြီး လိုက်ပါလို့ရမယ့် ပုံမှာရှိတယ်။

မောင်းနှင်မှု

မောင်းနှင်မှုနဲ့ပတ်သက်ပြီးပြောရရင်တော့ Kia Sportage အသစ်ဟာ သွက်လက်မှုအထူးရှိတယ်။ ထောင့်ချိုးကွေ့တွေကို ချိုးကွေ့ရမှာလည်း သာသာယာယာပါပဲ။ ထိုင်ရတာ ဇိမ်ကျသလို မောင်းနှင်ရာမှာလည်း သက်သောင့်သက်သာပါပဲ။
မောင်းနှင်တဲ့အချိန် ထူးထူးခြားခြားနှစ်သက်မိတာတစ်ခုကတော့ Blind Spot Detector ကို နောက်ကြည့်ဘေးမှန်တွေအပေါ်မှာ တပ်ဆင်ပေးထားတာပါ။ တချို့ကားတွေမှာတော့ blind spot detector ကို ကားအတွင်း display မှပြလေ့ရှိကြပေမယ့် Kia Sportage အသစ်မှာတော့ နောက်ကြည့်ဘေးမှန်ပေါ်မှာ ပြသပေးပါတယ်။ လမ်းကြောပြောင်းတဲ့အချိန် နောက်ကြည့်ဘေးမှန်တွေကိုပဲ ကြည့်လေ့ရှိသူတွေအတွက် ပိုမိုအဆင်ပြေစေတဲ့ feature တစ်ခုပါပဲ။
Safety ပိုင်းနဲ့ပတ်သက်ရင် Kia Sportage အသစ်မှာက လေအိတ် ပတ်လည် ၆ လုံးတပ်ဆင်ထားတာတွေ့ရတယ်။ လက်ရှိအချိန် အဆင့်မြင့်ကားတွေမှာမှ ပါလေ့ရှိတဲ့ Cruise Control ပါတယ်။ ABS (Anti-lock Braking System) ၊ ပုံမှန် traction control ကို အဆင့်မြှင့်တင်ထားတဲ့ ATCC (Advanced Traction Cornering Control) ပါတယ်။
မထင်မှတ်ဘဲ သဘောကျမိတာတစ်ခုကတော့ CRDI 16V အင်ဂျင်ပါပဲ။ 2.0-litre ဒီဇယ်အင်ဂျင်ဆိုပေမယ့် ဓါတ်ဆီအင်ဂျင်တွေလိုပဲ တော်တော်လေး မောင်းလို့သွက်တာတွေ့ရတယ်။ Normal ၊ Eco ၊ Sport ဆိုပြီး mode ၃ မျိုးပြောင်းမောင်းနှင်နိုင်တယ်။ သွက်သွက်လက်လက်မောင်းနှင်ချင်သူတွေအတွက် လောင်စာဆီ လောင်ကျွမ်းမှုအားကောင်းတဲ့ Sport mode နဲ့အဓိကထားမောင်းနှင်ကြည့်တဲ့အခါ ဒီဇယ်အင်ဂျင်နဲ့ကားတစ်စီးဟာ ဒီလိုမျိုးသွက်လက်ပြီး အထကောင်းတာတွေ့ရတော့ အံ့တောင်သြမိပါတယ်။ Sporty ဆန်တဲ့ပုံစံကို ကြိုက်နှစ်သက်သူတွေအတွက် exhaust ပေါက်ကလည်း (အမှန်အကန်) နှစ်ပေါက်ပါ ပါတယ်။

ပါဝင်တဲ့အချက်တွေ

Exterior Specification

19″ GT Line Alloy Wheel
8-Speed Automatic
2.0 litre with 185 PS & 400Nm
Full LED headlamp
Ice Cube LED Fog Light
Sporty Bumper Design
Blind Spot Detector
Dark Chrome Garnish
LED-type rear combination lamps
Smart Power Tailgate
Rear Fog Light
Hugh Trunk capacity
Rear Cross-Traffic Collision Warning
Reverse Camera
Anti-lock Braking System (ABS)
Advanced Traction Cornering Control (ATCC)
Vehicle Stability Management (VSM)
GT Line Dual Tailpipe

Interior Specification

Leather Multi-function Steering
Tilt & Telescopic Steering Wheel
7-inch color LCD Touchscreen Audio
Dual Zone Full Auto Temperature Control (D-FATC)
Cruise Control
Leather Gear Knob
Black High-Gloss Center Fascia
Alloy Pedals
Powered Front-Seat Adjustment
Larger Panoramic Sunroof
Air-Ventilated Seats
Wireless Smartphone Charger
4.2-inch Color TFT-LCD Onboard Display
Air Purifier
Button Start / Stop
Smart welcome system
Electronic Parking Brake (EPB)
Drive Mode Select (DMS)
6-Air Bags

စမ်းသပ်မောင်းနှင်ရန်နှင့် ဓါတ်ပုံရိုက်ကူးရန်အတွက် အကူအညီပေးပါသော KIA Myanmar အား အထူးပင်ကျေးဇူးတင်ရှိလျက်......

စာရေးသူ : ဂျူနို
ဓါတ်ပုံ : ထက်အောင်

Author

Comments