Škoda Kodiaq Review (International)

0

Full article

ကြီးကြီးမားမားနဲ့ တကယ့်ကို လက်တွေ့ကျတဲ့ကားတစ်စီးကိုရှာဖွေနေပါသလား? လူခုနှစ်ယောက်စီး Škoda ရဲ့ Kodiaq ဟာ ပေးရတဲ့ငွေကြေးနဲ့ ထိုက်တန်လွန်းတဲ့ SUV အကြီးစားကားဖြစ်ပါတယ်။ တစ်ခုရှိတာက ခုံသုံးတန်းအပြည့်တင်မယ်ဆိုရင် အနောက်နှစ်တန်းထဲက တစ်တန်းမှာ ကလေးငယ်တွေကိုသာ နေရာချထားတာ ပိုပြီး သင့်လျော်မှာပါ။

အားသာချက်

  • ပေးရတဲ့ဈေးနဲ့လွန်စွာထိုက်တန်
  • အတွင်းဧရိယာ ကျယ်ကျယ်ဝန်းဝန်းရှိ
  • Smart ဖြစ်တဲ့အတွင်းခန်းကို ပိုင်ဆိုင်နိုင်

အားနည်းချက်
– မျက်ကွယ်နေရာများရှိနေ
– နည်းပညာပိုင်းတွင် Volkswagen ရဲ့ Tiguan ကများစွာသာလွန်
– ခလုခချိုင့်ပေါတဲ့နေရာတွေမှာ အရှိန်နှေးနှေးမောင်းလျင် အနည်းငယ်ဆောင့်တတ်

သုံးသပ်ချက်

Škoda ဆိုတာ ချက် အခြေစိုက် မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီပါ။ ၁၈၉၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က စတင်တည်ထောင်ခဲ့တာဖြစ်လို့ သက်တမ်းအားဖြင့် 124 နှစ်လောက်ရှိနေပါပြီ။
Škoda ရဲ့ Kodiaq ကတော့ လက်ရှိ နိုင်ငံတကာဈေးကွက်ထဲမှာရှိတဲ့ လူခုနစ်ယောက်စီး SUVs တွေထဲမှာတော့ အကောင်းဆုံးတစ်စီးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျယ်ကျယ်ဝန်းဝန်းရှိလှတဲ့အတွင်းခန်းဟာ လက်တွေ့အသုံးကျလှပြီး ဈေးနှုန်းကလည်း တန်လွန်းတယ်လို့ဆိုနိုင်လို့ပါ။ ဥရောပနိုင်ငံတွေမှာရောင်းချတဲ့ ဈေးနှုန်းအရဆိုရင် ကားတန်ဖိုးချည်း အခြေခံအနေနဲ့ $30,000 ဝန်းကျင်ပဲရှိပါတယ်။ အနောက်ပစ္စည်းထားခန်းလည်းကျယ်တယ်။ ဒါတောင်မှ ခုံသုံးတန်းနဲ့မလို့။ နှစ်တန်းထဲ လူငါးယောက်စီးဆိုရင် တော်တော်ကြီးကို ကျယ်ပါတယ်။
ဓါတ်ဆီရော ဒီဇယ်အင်ဂျင်ပါရွေးချယ်စရာရှိတယ်။ Two-wheel-drive ဒါမှမဟုတ် four-wheel-drive ကြိုက်ရာရွေးနိုင်တယ်။ Gearbox ဆိုရင်လည်း Manual ဒါမှမမဟုတ် Automatic နှစ်သက်သလိုရွေးချယ်နိုင်သေးတယ်။ Trim အနေနဲ့လည်း S ၊ SE ၊ SE L ၊ Editon ၊ Scout ၊ Sport Line ၊ Laurin + Klement ဆိုပြီး 7 မျိုးတောင်ရှိနေတဲ့အတွက် တကယ်ကို စိတ်ကြိုက်ရွေးချယ်နိုင်တာမျိုးပါ။ အမြင့်ဆုံး trim ဆိုရင်တောင်မှ ဥရောပရောင်းဈေး ကားတန်ဖိုးသီးသန့် $40,000 ဝန်းကျင်ပဲရှိပါတယ်။
သေချာပါတယ်။ မိသားစုသုံး လူခုနစ်ယောက်စီး SUVs တွေထဲမှာဆိုရင် Škoda ရဲ့ Kodiaq ဟာ တော်တော်ကြီးပြီး တော်တော်ရှည်တဲ့ပုံစံရှိတဲ့အတွက် တကယ်ကိုကျယ်ဝန်းတာပါ။ ဒါပေမယ့် Volkswagen ရဲ့ Touran လိုမျိုး MPV တွေမှာတော့ လူကြီးခုနစ်ယောက်ပုံမှန်တင်ဆောင်နိုင်လောက်အောင် ပိုမိုကျယ်ဝန်းတဲ့ အနောက်ခုံတန်းပါရှိတာပေါ့။ ဒါမျိုးက နှိုင်းယှဉ်စရာတော့မဟုတ်ပါဘူး။
တကယ်တော့ Kodiaq ဟာ Škoda ရဲ့ ပထမဆုံးထုတ်လုပ်လိုက်တဲ့ ခုနစ်ယောက်စီး SUV ဖြစ်ပါတယ်။ မိသားစုတစ်စုသွားလာဖို့အတွက် အကောင်းဆုံး ထုတ်လုပ်မှုလည်းဖြစ်ပါတယ်။

အတွင်းခန်း

အတွင်းခန်းကို မပြောခင်မှာ တခြားကားတွေမှာတွေ့ရခဲတဲ့ အင်္ဂါရပ်လေးတွေအရင်ပြောပြချင်ပါတယ်။ ပထမဆုံးက ထီးထည့်လို့အဆင်ပြေတဲ့ တံခါးမှာတစ်ပါတည်းတပ်ဆင်ပေးထားတဲ့ နေရာဖြစ်ပါတယ်။ ခေါက်ထီးတွေထည့်မယ်ဆိုရင် အလော်တော်ဖြစ်ပြီး ကားပေါ်တက်၊ ထီးထားဖို့နေရာရှာနေရတဲ့ ဝဋ်ဒုက္ခကနေ လွတ်ကင်းနိုင်တဲ့ ဖန်တီးမှုလေးရယ်ပါ။ နောက်တစ်ခုက အနောက်ပစ္စည်းထားခန်းမှာတပ်ဆင်ပေးထားတဲ့ LED မီးလေးတွေပါ။ သူတို့က နံဘေးနံရံထဲမှာမြှုပ်ထားတာဖြစ်ပေမယ့် အလွယ်တကူထုတ်ယူလို့ရတဲ့အတွက် လက်နှိပ်ဓါတ်မီးပုံစံမျိုးလည်း အသုံးပြုနိုင်ပါတယ်။ မသိရင် မိုးများပြီး မီးခဏခဏပျက်တတ်တဲ့ ကိုယ်တွေနိုင်ငံလိုမျိုး နိုင်ငံတွေအတွက် ရည်ရွယ်ပြီးထုတ်သလားလို့တောင်ထင်ရတာပါ။
Škoda ရဲ့ dashboard က smart ဖြစ်ပြီး အသုံးပြုရတာလွယ်အောင်လို့ ဒီဇိုင်းထုတ်ထားမှန်းသိသာလှပါတယ်။ တကယ်လည်း အသုံးပြုရတာလွယ်တာကိုး။ ဒါပေမယ့် Volkswagen တို့ဘာတို့လိုမျိုး အဆင့်မြင့်နည်းပညာတွေတော့ တပ်ဆင်ပေးထားခြင်းမရှိပါဘူး။
Škoda ရဲ့ Kodiaq အတွင်းခန်းဟာ ကြည့်လိုက်ရုံနဲ့ ကောင်းကောင်းကြီးထုတ်လုပ်ပေးထားမှန်းသိသာပါတယ်။ Dashboard ၊ တံခါးပေါက်တွေနဲ့ centre console တွေမှာ ဖုံးအုပ်ပေးထားတာတွေအားလုံးက နူးညံ့တဲ့အထိအတွေ့ကိုပေးတဲ့ ပလတ်စတစ်အကောင်းစားတွေချည်းပဲ။ ထိုင်ခုံတွေမှာသုံးထားတဲ့ suede နဲ့တူတဲ့ Alcantara ကလည်း SE L models တွေမှာ စတင်ဖုံးအုပ်ပေးထားမှာဖြစ်တဲ့အတွက် ပြောရမယ်ဆိုရင် အဆင့်မြင့်အတွင်းခန်းတစ်ခုကို ပိုင်ဆိုင်ဖို့ သိပ်မခက်ခဲနိုင်တော့ပါဘူး။
တပ်ဆင်ပေးထားတဲ့ ခလုတ်တွေဟာကြီးမားပြီး လက်လှမ်းမီအောင် ဒီဇိုင်းလုပ်ပေးထားတဲ့အတွက် ဘာကိုပဲသုံးသုံး အရမ်းကို လွယ်ကူစေပါတယ်။ လေဝင်လေထွက်စနစ်အတွက်လား၊ အသံအတိုးအကျယ်အတွက်လား ဘာပဲဖြစ်ဖြစ်ပေါ့။
Infotainment အနေနဲ့ ပုံမှန်က 6.5-inch touchscreen တပ်ဆင်ပေးထားပေမယ့် 8-inch မျက်နှာပြင်ကို လိုချင်ပါက ရွေးချယ်တပ်ဆင်နိုင်ပါတယ်။ 8-inch မျက်နှာပြင်နဲ့ infotainment ကတော့ ပိုမိုကောင်းမွန်တဲ့ ရုပ်ထွက်၊ ပိုမိုမြန်ဆန်တဲ့လုပ်ဆောင်ချက်တွေနဲ့ ရရှိမှာဖြစ်တဲ့အတွက် ပိုကြီးတဲ့ display ကိုသာရွေးချယ်ဖို့ ထောက်ခံချက်ပေးချင်ပါတယ်။ အဆင့်မြင့်ပါဝင်မှုတွေနဲ့ SE L trim မှာဆိုရင်တော့ infotainment display က 9.2-inch အထိဖြစ်သွားဦးမှာပါ။ S trim မှာ တစ်ပါတည်းတပ်ဆင်ပေးထားတဲ့ ဂြိုဟ်တုလမ်းညွှန်က အခြေအနေအဆိုးကြီးမဟုတ်ဘူး။ တစ်ကြိမ်တည်းမှာ လမ်းကြောင်းသုံးခုကို တွက်ချက်ပေးနိုင်စွမ်းရှိပြီး zoom တွေဘာတွေလည်း ချဲ့ပြီးကြည့်လို့ရပါတယ်။ ဒါပေမယ့် 8-inch မျက်နှာပြင်နဲ့ဆိုရင်တော့ Android Auto ၊ Apple CarPlay နဲ့ MirrorLink တွေပါ ပါလာမှာဖြစ်တဲ့အတွက် smartphones တွေနဲ့ အလွယ်တကူချိတ်ဆက်နိုင်ပါတယ်။
အတွင်းခန်းမှာတပ်ဆင်ထားတဲ့ ပစ္စည်းတွေဟာ အလွယ်တကူအသုံးပြုနိုင်ရုံတင်မကပါဘူး။ အကြမ်းပတမ်းလည်း ခံနိုင်မယ့်ပုံမျိုးဖြစ်တဲ့အပြင် အသုံးပြုထားတဲ့ ပလတ်စတစ်သားတွေရဲ့ ကောင်းမွန်မှုကြောင့် တန်ဖိုးကြီး အသွင်သဏ္ဌာန်ကိုပါရရှိစေပါတယ်။

လက်တွေ့ဆိုရင်

အတွင်းခန်းနဲ့အနောက်ပစ္စည်းထားခန်း ကျယ်ဝန်းတဲ့ကားတွေဟာ လက်တွေ့ကျတဲ့ကားတွေလို့ ယေဘုယျသုံးသပ်လို့ရပါတယ်။ လူအများစုဟာ ကားတစ်စီးကို ဝယ်ယူတော့မယ်ဆိုရင် အပြင်ပုံစံကိုဦးစားပေးပြီး ကြည့်ရှုလေ့ရှိတယ်။ ဒါပေမယ့် ကိုယ်တကယ်ဝယ်စီးလိုက်ပြီဆိုရင် ကိုယ်နဲ့အမြဲတမ်းထိတွေ့နေတာက အတွင်းခန်းဆိုတာကို မေ့ထားတတ်ကြတယ်။ အပြင်ပိုင်း အသွင်သဏ္ဌာန်ဟာ အရေးပါတာမှန်ပေမယ့် အတွင်းခန်း ကျယ်ဝန်းမှုနဲ့ သက်သောင့်သက်သာရှိမှုကို ပိုပြီးအရေးကြီးပါတယ်လို့ ဆိုချင်ပါတယ်။
Škoda ရဲ့ Kodiaq ဟာ လူငါးယောက်ပဲစီးနင်းလိုက်ပါမယ်ဆိုရင်တော့ တကယ့်ကို ကျယ်ကျယ်ဝန်းဝန်းနဲ့ ပစ္စည်းပစ္စယတွေလည်း အများအပြားတင်ဆောင်လို့ရတဲ့ကားတစ်စီးပါ။ လူခုနစ်ယောက်အထိ တင်ဆောင်နိုင်မှာဖြစ်ပေမယ့် လူအပြည့်နဲ့ဆိုရင်တော့ နိယာမအတိုင်း တချို့မလိုအပ်တဲ့ပစ္စည်းတွေတင်ဆောင်မှုကိုတော့ လျှော့ချရမှာပေါ့။
ထိုင်ခုံတွေအားလုံးတင်ထားတဲ့အချိန်မှာ Kodiaq ရဲ့ boot နေရာလွတ်ဟာ Volkswagen ရဲ့ Polo လောက်ကိုကျယ်ပါတယ်။ ကိန်းဂဏန်းအရဆိုရင်တော့ 270 litres ပေါ့။ နောက်ဆုံးခုံတန်းကို ခေါက်လိုက်မယ်ဆိုရင်တော့ နောက်ခန်းအကျယ်ဟာ 630 litres အထိကျယ်ဝန်းသွားမှာဖြစ်ပြီး တော်သင့်ရုံ လူငါးယောက်စီး SUV တွေထက် ပိုမိုကျယ်ဝန်းတဲ့ အနောက်ပစ္စည်းထားခန်းမျိုးလို့ဆိုနိုင်ပါတယ်။
ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ Škoda ရဲ့ Kodiaq ဟာ လက်တွေ့ကျမှုအပိုင်းမှာတော့ ထိပ်တန်းအဆင့်မှာရှိပြီး သူ့ကိုပေးရမယ့်တန်ဖိုးနဲ့တွက်မယ်ဆိုရင် ဒါမျိုး ဘယ်မှာမှ ရှာလို့မရနိုင်ဘူးလို့ပဲ ဆိုရမှာပါ။

မောင်းနှင်မှု

Kodiaq ဟာ အရွယ်အစားကြီးမားတာတောင်မှ မောင်းရတာ ခက်ခဲမှုမရှိပါဘူး။ Steering က ပေါ့တယ်၊ နောက်ပြီး မြင်ကွင်းကျယ်ကျယ်ကို အမြင့်ကနေကြည့်ပြီး ကောင်းကောင်းမောင်းလို့ရတယ်။ ဒါပေမယ့် ဘေးဘောင်တွေကြောင့် blindspot ဖြစ်နိုင်ခြေရှိတာကတော့ သတိထားရမယ့် အချက်တစ်ခုပါ။
ထောင့်ချိုးကွေ့တွေမှာ Kodiaq လိုမျိုး ကိုယ်ထည်ကြီးမားတဲ့ SUV တစ်စီးအနေနဲ့ ထင်သလောက် ယိုင်သွားတာမျိုး မတွေ့ရတာကတော့ အထင်ကြီးစရာပါပဲ။ ဒါပေမယ့် ဘာလိုပဲပြောပြော suspension အပိုင်းက နည်းနည်းလေးမာပြီး တောင့်ပါတယ်။ ဆိုလိုတာက ချိုင့်ကမူတွေနဲ့တွေ့လို့ ခပ်နှေးနှေးမောင်းတဲ့အခါမျိုးမှာ ကားကနည်းနည်းဆောင့်မှာပါ။ အမြန်လမ်းတွေပေါ်မှာ မောင်းတဲ့အခါမျိုးမှာ Volkswagen ရဲ့ Tiguan ထက်တော့ အသံက ပိုကျယ်ပါတယ်။ ပိုဆူတယ်လို့ပြောနိုင်တာမျိုးပါ။
အင်ဂျင်ရွေးချယ်ဖို့အတွက်ဆိုရင်တော့ ထုံးစံအတိုင်းပါပဲ။ အမြန်လမ်းပေါ်မှာ များများမောင်းနှင်မယ့်သူတွေအတွက် 150hp ထုတ်လွှတ်နိုင်မယ့် 2.0-litre ဒီဇယ်အင်ဂျင်ကသင့်လျော်ပြီး မြို့တွင်းပတ်လည်မောင်းနှင်ဖို့အတွက်ဆိုရင်တော့ 150hp အထိ max power ရရှိနိုင်မယ့် 1.4-litre ဓါတ်ဆီအင်ဂျင်က ပိုအဆင်ပြေပါလိမ့်မယ်။ ဓါတ်ဆီအင်ဂျင်က အသံပိုငြိမ်ပြီး ပိုလည်း ချောမွေ့ပါတယ်။
Škoda ရဲ့ ဘယ်လို Kodiaq ကိုပဲရွေးရွေး သေချာပေါက်ရရှိနိုင်တာကတော့ 2017 NCAP ရဲ့ ယာဉ်တိုက်မှု လက်တွေ့စမ်းသပ်ခြင်းမှာ အမြင့်ဆုံး ကြယ်ငါးပွင့်အဆင့်ရ safety တွေအတိုင်းတပ်ဆင်ပေးထားမှာဖြဖစ်တဲ့အတွက် စိတ်ချလုံခြုံမှုကို ရရှိနိုင်မှာပါ။ ဒါကြောင့်မလို့ Kodiaq ဟာ လက်တွေ့ကျ စိတ်ချလုံခြုံရပြီး ပေးရတဲ့ငွေကြေးနဲ့ အကောင်းဆုံးထိုက်တန်တဲ့ ခုနစ်ယောက်စီး SUV ပါလို့ သုံးသပ်တင်ပြချင်ပါတယ်။

ပါဝင်တဲ့အချက်တွေ

Trim ပိုင်းအရဆိုရင် အပေါ်မှာပြောခဲ့သလိုပါပဲ ခုနစ်မျိုးရှိပါတယ်။ ဒါပေမယ့် အခြေခံ S trim ကို မပြောတော့ဘဲ ပေးတဲ့ဈေးနဲ့အထိုက်တန်ဆုံး SE ကပဲ စတင်ပြောပြပေးသွားပါမယ်။

SE

SE trim ဟာ ဘွင်းဘွင်းပြောရရင် တကယ့်ကို ပေါချောင်ကောင်း trim ပါ။ ဈေးပေါတယ်။ ပစ္စည်းကောင်းတယ်။ ဘယ်လိုကောင်းလဲဆိုရင် 18-inch အလွိုင်းခွေနဲ့။ အရှေ့မီး washers တွေနဲ့။ အတွင်းထဲမှာလည်း အဆင့်မြှင့်တင်ထားတဲ့ Bolero 8-inch infotainment နဲ့။ Cruise control ပါမယ်။ S ထက် speaker လေးလုံးပိုပါမယ်။ Climate control ၊ အနောက် parking sensors ၊ အလိုအလျောက် မီးနဲ့ wipers တွေအပြင် အနောက်မှန်ကလည်း နေကာနဲ့ပါ။ ထုံးစံအတိုင်း DAB ရေဒီယို၊ Automatic emergency braking အပြင် keyless entry ပါ။
SE မှာ အင်ဂျင်ပိုင်းအနေနဲ့ ရွေးချယ်စရာ ငါးမျိုးရှိပါတယ်။ ဓါတ်ဆီ နှစ်မျိုး၊ ဒီဇယ်သုံးမျိုးပါ။ ဓါတ်ဆီအင်ဂျင်နဲ့ဆိုရင် 4WD ရွေးလို့မရပါဘူး။ 1.5 TSI နဲ့ 1.5 TSI DSG ဖြစ်ပြီး manual gearbox နဲ့ automatic gearbox ဖြစ်တာသာကွာခြားတာပါ။ နှစ်မျိုးစလုံးက 150hp အမြင့်ဆုံးပါဝါရရှိနိုင်တဲ့ 1.5-litre အင်ဂျင်တွေချည်းပါ။ နှစ်မျိုးလုံးက 0-60mph ကို 9.9 စက္ကန့်နဲ့အရှိန်တင်မောင်းနှင်နိုင်ပြီး manual gearbox နဲ့ဆိုရင်တော့ ဆီစားနှုန်း 44mpg ရှိပြီး automatic gearbox နဲ့ဆိုရင်တော့ 45mpg ရှိတယ်လို့ Škoda က ထုတ်ပြန်ထားပါတယ်။ ထုံးစံအတိုင်း လက်တွေ့အသုံးပြုရာမှာတော့ 10mpg လောက်လျော့တွက်ရမှာပါ။
ဒီဇယ်အင်ဂျင်သုံးမျိုးမှာတော့ အင်ဂျင်ပါဝါပိုင်းကအတူတူတွေချည်းပါ။ 150hp အမြင့်ဆုံးပါဝါထုတ်လွှတ်နိုင်မယ့် 2.0-litre အင်ဂျင်တွေပါ။ 2.0 TDI DSG ၊ 2.0 TDI 4×4 ၊ 2.0 TDI 4×4 DSG ပါ။ 2.0 TDI DSG ကတော့ အရှေ့ယက်ဖြစ်ပြီး 0-60mph အထိအရှိန်တင်ဖို့ 10 စက္ကန့်လိုအပ်မှာပါ။ ဆီစာနှုန်း 57mpg အထိရှိတယ်လို့ Škoda ကဆိုပါတယ်။ 2.0 TDI 4×4 ကတော့ manual gearbox နဲ့ 4WD ဖြစ်ပြီး 0-60mph ကို 9.9 စက္ကန့်နဲ့အရှိန်တင်နိုင်ပါတယ်။ ဆီစားနှုန်းကတော့ 50mpg ပါ။ 2.0 TDI 4×4 DSG ကတော့ 4WD Automatic gearbox နဲ့ပါ။ 0-60mpg အတွက် 10 စက္ကန့်အချိန်သာလိုအပ်ပြီး ဆီစားနှုန်းကတော့ဖြင့် 51mpg အထိတောင်ရရှိနိုင်တယ်လို့ Škoda က ထုတ်ပြန်ထားပါတယ်။

SE L

SE L trim ဆိုရင် SE ထက်ပိုပြီး luxury ဖြစ်လာပါပြီ။ 19-inch အလွိုင်းခွေနဲ့ဖြစ်လာပါပြီ။ LED မီးတွေနဲ့ဖြစ်လာပြီး အတွင်းမှာဆိုရင်လည်း Alcantara ထိုင်ခုံအဖုံးနဲ့ဖြစ်လာပါပြီ။ Alcantara က ထိုင်ရတာ ဇိမ်ကျပေမယ့် သန့်ရှင်းရေးလုပ်ဖို့တော့ ခဲယဉ်းပါတယ်။ အရှေ့ထိုင်ခုံ အပူပေးစနစ်ပါဝင်လာပြီး အနောက်ဖုံးကလည်း ပါဝါနဲ့ဖြစ်လာပါပြီ။ ဂြိုဟ်တုလမ်းညွှန်ကလည်း အပြည့်အစုံနဲ့ပါ။
အင်ဂျင်ပိုင်းအနေနဲ့ကတော့ ရွေးချယ်စရာ ခုနစ်မျိုးတောင်ရှိပြီး တိုးလာတာက 190hp အထိ အမြင့်ဆုံးပါဝါထုတ်လွှတ်နိုင်မယ့် 2.0-litre TSI 190 4×4 DSG နဲ့ 2.0-litre TDI 190 4×4 DSG တို့ပါ။ တိုးလာတဲ့ အင်ဂျင်နှစ်မျိုးကတော့ ဓါတ်ဆီနဲ့တစ်မျိုး၊ ဒီဇယ်နဲ့တစ်မျိုးပါ။ automatic gearbox ၊ 4WD တွေချည်းဖြစ်ပါတယ်။ ဓါတ်ဆီအင်ဂျင် TSI 190 ကတော့ 0-60mph ကို 7.7 စက္ကန့်အတွင်း အရှိန်တင်မောင်းနှင်နိုင်ပြီး ဒီဇယ်အင်ဂျင်ဖြစ်တဲ့ TDI 190 ဆိုရင်တော့ 8.6 စက္ကန့်ကြာမြင့်ပါလိမ့်မယ် ။ဆီစားနှုန်းကိုတော့ TSI အတွက် 40mpg နဲ့ TDI အတွက် 50mpg ရရှိနိုင်တယ်ဆိုပြီး Škoda ကဖေါ်ပြထားပါတယ်။

Edition

Edition trim ကတော့ ထောက်ခံပေးဖို့အတွက် ဈေးနည်းနည်းကြီးတယ်လို့ဆိုနိုင်တဲ့ trim ပါ။ ထူးခြားလာတာက metallic ဆေးသားရယ်၊ သားရေဖုံးထိုင်ခုံတွေရယ်နဲ့ wireless phone charging တွေပါဝင်လာတာပါ။ မောင်းနှင်မှုနဲ့ပတ်သက်ပြီး lane assist ပါလာပါတယ်။ Blindspot အချက်ပေးစနစ်ပါလာပါတယ်။ အလိုအလျောက် မီးစချပေးတဲ့စနစ်ပါလာပါတယ်။
အင်ဂျင်ပိုင်းရွေးချယ်စရာကလည်း SE L နဲ့အတူတူ ခုနစ်မျိုးပါပဲ။

Scout

Scout ကတော့ ကြမ်းကြမ်းတမ်းတမ်း စွန့်စွန့်စားစားသွားလာလိုသူတွေအတွက် ရည်ရွယ်ထုတ်လုပ်ပေးထားတဲ့ trim ပါ။ အရှေ့နဲ့အနောက်မှာ ကိုယ်ထည်ကာဗာတွေနဲ့ အင်ဂျင်အောက်ပိုင်းအတွက်လည်း အကာအကွယ်ကောင်းကောင်းတပ်ဆင်ပေးထားတာတွေ့ရပါတယ်။ အတွင်းဘက်မှာ wood trim နဲ့ဖြစ်ပြီး အရှေ့ parking sensors တွေလည်းပါဝင်လာပါပြီ။ ကျန်တာတွေကတော့ SE L နဲ့တူတူပါပဲ။
အင်ဂျင်ရွေးချယ်ဖို့အတွက်ကတော့ ၄ မျိုးရှိပါတယ်။ ဓါတ်ဆီ အင်ဂျင်တစ်မျိုးနဲ့ ဒီဇယ်အင်ဂျင် သုံးမျိုးပါ။ ဓါတ်ဆီအင်ဂျင်ကတော့ 2.0 TSI 190 4×4 DSG အင်ဂျင်ပါ။ 2.0-lire အင်ဂျင်ဖြစ်ပြီး 190hp အထိ အမြင့်ဆုံးပါဝါထုတ်လွှတ်နိုင်ပါတယ်။ 4WD ဖြစ်ပြီး Automatic gearbox နဲ့ပါ။ 0-60mph ကို 7.7 စက္ကန့်ထဲနဲ့ တင်မောင်းနိုင်ပြီး ဆီစားနှုန်းကတော့ 40mpg ရှိတယ်လို့ Škoda ကဆိုပါတယ်။ ဒီဇင်အင်ဂျင်သုံးမျိုးကတော့ 2.0 TDI 4×4 ရယ်၊ 2.0 TDI 4×4 DSG ရယ် ၊ 2.0 TDI 190 4×4 DSG ရယ်ပါ။ ဒီဇင်အင်ဂျင်ပိုင်းအချက်အလက်ကတော့ SE L နဲ့အတူတူပါပဲ။

Sport Line

Sport Line မှာက ထူးခြားချက်အနေနဲ့ 20-inch ခွေဖြစ်သွားပါတယ်။ အရှေ့နဲ့အနောက် bumper တွေက sporty ပိုဆန်လာပါတယ်။ အတွင်းဘက်မှာ carbon fibre trim တချို့နဲ့ သတ္ထုခြေနင်းတွေပါဝင်လာပါတယ်။ ကျန်တာတွေကတော့ သိပ်ပြီးကွာခြားမှုမရှိလှပါဘူး။
အင်ဂျင်ပိုင်းရွေးချယ်စရာကတော့ Scout နဲ့အတူတူ လေးမျိုးပါပဲ။

Laurin + Klement

Laurin + Klement ကတော့ အဆင့်အမြင့်ဆုံး trim ပါ။ တပ်ဆင်ပေးထားတဲ့ spec တွေကလည်း အမြင့်စားတွေချည်းပါပဲ။ Panoramic glass roof နဲ့ဖြစ်သွားပြီး grille တွေကလည်း chrome grille အဖြစ်နဲ့ ရယူနိုင်မှာပါ။ အတွင်း အနက်ရောင် trim မှာမှ အနက်ရောင် သားရေထိုင်ခုံတွေနဲ့အတူ ထိုင်ခုံမှာက L+K လိုဂိုတွေနဲ့ပါ။ အသံပိုင်းစနစ်က CANTON stereo စနစ်အဖြစ်နဲ့ အဆင့်မြှင့်တင်ထားပြီး touchscreen ကတော့ 9.2-inch အနေနဲ့ တစ်ပါတည်းတပ်ဆင်ပေးထားပါတယ်။ Dual-zone climate control နဲ့ လေကာမှန်အပူပေးစနစ်နဲ့ပါ။ အင်ဂျင်ပိုင်းမှာတော့ Scout ၊ Sport Line တို့နဲ့အတူတူ လေးမျိုးပါပဲ။

နိဂုံးချုပ်အနေနဲ့ကတော့ ကိုယ်တွေလိုမျိုး ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်ဆိုရင် Škoda ရဲ့ Kodiaq ဟာ တကယ်ကို သင့်တင့်လျောက်ပတ်မှုရှိတဲ့ ကားတစ်စီးပါလို့ ဆိုချင်ပါတယ်။

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)
Ref: Škoda Kodiaq Review by Mat Watson

Author

Comments