Volkswagen Tiguan Review (International)

0

Full article

Volkswagen Tiguan ဟာ ကျယ်တယ်၊ သက်သောင့်သက်သာရှိတယ်၊ ပြီးတော့ မောင်းလို့လည်းကောင်းတယ်။ ယာဉ်မောင်းသူအနေအထား မြင့်နေတာကလည်း ပိုမိုကောင်းမွန်တဲ့မြင်ကွင်း ရရှိစေတယ်။ ဒါပေမယ့် သူ့အတန်းမှာတော့ ဈေးနှုန်းနည်းနည်းမြင့်ပါတယ်။

အားသာချက်
+ အချိန်ကြာကြာမောင်းဖို့ ကောင်းမွန်တဲ့အင်ဂျင်
+ အသုံးကျတဲ့ နေရာလွတ်များပါဝင်
+ သက်သောင့်သက်သာနဲ့ တိတ်တိတ်ဆိတ်ဆိတ်မောင်းနှင်နိုင်

အားနည်းချက်
- ဈေးနှုန်းသက်သာတဲ့ ပြိုင်ဘက်ကားများရှိနေ
- တချို့အစိတ်အပိုင်းတွေဟာ ငြီးငွေ့စရာကောင်း
- Off-road မောင်းနှင်ဖို့အတွက် အကောင်းဆုံးမဟုတ်

သုံးသပ်ချက်

သိကြတဲ့အတိုင်း Volkswagen ဟာ မော်တော်ယာဉ်ထုတ်လုပ်မှုနယ်ပယ်မှာ ကြီးမားတဲ့အစုအဖွဲ့ကြီးကို ပိုင်ဆိုင်ထားတာပါ။ မော်တော်ယာဉ်နဲ့ပတ်သက်ရင် ကမ္ဘာကျော်အမှတ်တံဆိပ်တွေဖြစ်ကြတဲ့ Audi ၊ Bentley ၊ Bugatti ၊ Lamborghini ၊ Porsche ၊ Škoda ၊ Scania စတာတွေအပြင် Ducati တို့ဟာ Volkswagen ရဲ့ အစုအဖွဲ့ကြီးထဲမှာ ပါဝင်တဲ့အမှတ်တံဆိပ်တွေ ဖြစ်နေကြပါပြီ။ တခြားအမှတ်တံဆိပ်နဲ့ထွက်ရှိလာတဲ့ကားတွေဟာ ခေတ်ရှေ့ပြေးတဲ့ပုံစံတွေ၊ အနုပညာလက်ရာမြောက်ပုံစံတွေများပေမယ့် Volkswagen ကိုယ်နှိုက်ကတော့ ရိုးရှင်းအသုံးဝင်တဲ့ပုံစံမျိုးတွေကိုပဲ အများစုထုတ်လုပ်လေ့ရှိတာကြောင့် ပုံစံပိုင်းအရ ငြီးငွေ့စရာကောင်းပေမယ့် လက်တွေ့ကတော့ တကယ်ကိုအသုံးကျ၊ ကြာရှည်ခံနိုင်ရည်လည်း ပြည့်ဝတဲ့ ကားအမျိုးအစားဖြစ်ပါတယ်။
အခုသုံးသပ်ပေးမယ့် Volkswagen Tiguan ကတော့ အစဉ်အလာ hatchback ၊ saloon စတာတွေကနေ အပြောင်းအလဲအနေနဲ့ လမ်းပေါ်မှာအမြင့်နေရာကနေထိုင်မောင်းလိုသူတွေအတွက် SUV အမျိုးအစားကို ရွေးချယ်ဝယ်ယူတော့မယ်ဆိုရင် အဝယ်စာရင်းမှာ ထည့်ကို ထည့်သွင်းထားသင့်တဲ့ ကားပါ။
ဒီ Tiguan ဟာ Volkswagen ရဲ့စတိုင်အတိုင်းထုတ်လုပ်ထားတဲ့ လူငါးယောက်စီး SUV ဖြစ်ပြီး တကယ်လို့ ခုနစ်ယောက်စီး လိုချင်ရင်တော့ Volkswagen Tiguan Allspace ကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်။

“Tiguan ကို ရွေးချယ်ဝယ်ယူခြင်းဖြင့် Volkswagen ရဲ့ အမြဲတမ်းအရည်အသွေးတွေဖြစ်ကြတဲ့ မောင်းနှင်ရာမှာ သက်သောင့်သက်သာရှိခြင်း၊ ထိန်းသိမ်းကိုင်တွယ်ရာမှာ ပေါ့ပါးတိကျခြင်း၊ Tools တွေကို အသုံးပြုရမှာ လွယ်ကူအဆင်ပြေခြင်း စတာတွေကိုပိုင်ဆိုင်နိုင်မှာပါ။”

အတွင်းခန်း

အတွင်းခန်းအထားအသိုဟာ လူတိုင်းအတွက် ဆီလျော်မှုရှိတယ်။ အသုံးပြုထားတဲ့ material တွေဟာ အရည်အသွေးကောင်းမွန်တယ်။ Infotainment စနစ်ကတော့ ဒီစနစ်ကို တစ်ခါမှမသုံးဖူးတဲ့သူတွေ သုံးကြည့်ရင်တောင်မှ လွယ်ကူအဆင်ပြေစေလောက်တဲ့အထိတောင်မှ ကောင်းမွန်တယ်။ မချင့်မရဲဖြစ်မိတာကတော့ trim အနိမ့်တွေမှာ ဂြိုဟ်တုလမ်းညွှန်ကို တစ်ပါတည်း ထည့်မပေးထားတာပါ။
အတွင်းခန်းအဖွဲ့မှာတော့ တမူထူးတဲ့ Peugeot 3008 ရဲ့ အတွင်းခန်းလိုမျိုး ဝင်ဝင်ခြင်းမှာ စိတ်လှုပ်ရှားစရာကောင်းချင်မှ ကောင်းပါလိမ့်မယ်။ ဒါပေမယ့် Volkswagen Tiguan ရဲ့ အတွင်းခန်းကတော့ အသုံးတည့်ခြင်း၊ အရည်အသွေးကောင်းမွန်ခြင်းနဲ့ လွယ်လင့်တကူအသုံးပြုနိုင်ခြင်း စတဲ့အရည်အသွေးတွေကိုတော့ ပိုင်ဆိုင်ထားပါတယ်။ မာကျောတဲ့ ပလတ်စတစ်သားတွေပါဝင်ဖွဲ့စည်းထားပေမယ့် ယာဉ်ပေါ်မှာလိုက်ပါစီးနင်းကြမယ့်သူတွေ အထိအတွေ့၊ အကိုင်အတွယ်များတဲ့နေရာတွေမှာတော့ အကောင်းစားပလတ်စတစ်သားတွေနဲ့ ပြုလုပ်ပေးထားတယ်။ Entry-level ဖြစ်တဲ့ S trim မှာတောင်မှ သားရေသားအုပ် လက်ကိုင်ခွေတပ်ဆင်ပေးထားတယ်။ သားရေအပြည့်ထိုင်ခုံနဲ့လိုချင်ရင်တော့ $1,900 လောက်ထပ်မံကုန်ကျမှာဖြစ်တဲ့အတွက် ထပ်တိုးကုန်ကျစာရိတ် မြင့်တယ်လို့ပြောနိုင်တယ်။ ထူးခြားချက်အနေနဲ့ ထိုင်ခုံရဲ့အောက်မှာ အံဝှက်ကလေးတွေထည့်သွင်းပေးထားတာကတော့ သဘောကျစရာကောင်းသလို အသုံးလည်းကျမယ့် အနေအထားပါ။
အသံပိုင်းကိုပြောရမယ်ဆိုရင် ပုံမှန်အတိုင်းတပ်ဆင်ပေးထားတဲ့ stereo speakers တွေကကောင်းပါတယ်။ ဒါပေမယ့် ဒါ့ထက်ပိုပြီးကောင်းချင်ရင်တော့ $630 လောက်အကုန်အကျခံပြီး Dynaudio speaker စနစ်ကို ထည့်ခိုင်းလို့ရမယ်။ Dynaudio ကတော့ ပုံမှန်တပ်ဆင်ပေးထားတဲ့ speakers တွေထက် အသံပိုကျယ်တယ်။ အင်အားပိုကောင်းတဲ့ bass အသံနဲ့ ပိုပြီး ရှင်းလင်းပြတ်သားတဲ့ treble သံတွေရရှိနိုင်တယ်။

Volkswagen Tiguan မာကျောတဲ့ ပလတ်စတစ်သားတွေပါဝင်ဖွဲ့စည်းထားတာမှန်ပေမယ့် တပ်ဆင်ပေးထားတဲ့ အဆင့်မြင့်နည်းပညာတွေကတော့ အထင်ကြီးလောက်စရာပါပဲ”

လက်တွေ့ဆိုရင်

Volkswagen Tiguan ဟာ လက်တွေ့ပိုင်း တကယ်အသုံးကျလှတဲ့ကားတစ်စီးပါ။ Škoda Kodiaq ရဲ့ အတွင်းဧရိယာစုစုပေါင်းဟာ Tiguan ထက်ပိုကျယ်ကောင်းကျယ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုကျယ်အောင်လို့ ပြောင်းရရွှေ့ရတာတွေရှိနေမှာပါ။ Tiguan ကတော့ ထိုင်ခုံတပ်ဆင်ထားပုံရဲ့ ပါးနပ်မှုနဲ့ အနောက် ပစ္စည်းထားခန်းရဲ့အချိုးကြောင့် မိသားစုအများစုရဲ့ တာဝန်တွေကိုထမ်းဆောင်ဖို့အတွက် လုံလောက်တဲ့အကျယ်အဝန်းကို နေ့စဉ်ရရှိနိုင်ပါတယ်။ Boot နေရာလွတ်ပိုလိုချင်ရင်လည်း ကျယ်ဝန်းတဲ့အနောက်ခုံတန်းကို သက်သောင့်သက်သာအရှေ့တိုးလိုက်တာပဲဖြစ်ဖြစ်၊ အနောက်ခုံတန်းကို လှဲချလိုက်တာပဲဖြစ်ဖြစ် အလွယ်တကူလုပ်ဆောင်နိုင်တာတွေ့ရတယ်။
Tiguan ရဲ့ နောက်ခန်းဝင်ဆံ့မှု 620-litre ဆိုတာ မိသားစုသုံး SUV အသေးစားတွေထဲမှာ အများဆုံးဝင်ဆံ့မှု ပမာဏတစ်ခုပါ။ Nissan Qashqai ရဲ့ 430-litre ၊ Kia Sportage ရဲ့ 491-litre နဲ့ Mazda CX-5 ရဲ့ 503-litre ဝင်ဆံ့မှုတွေနဲ့ ယှဉ်ကြည့်နိုင်ပါတယ်။ အနောက်ပစ္စည်းထားခန်းမှာ တပ်ဆင်ပေးထားတဲ့ 12V socket ကလည်း ဖုန်စုပ်စက် အသေးစားလေးတွေဘာတွေ တပ်ဆင်အသုံးပြုဖို့အတွက် အသုံးဝင်ပြီး ပစ္စည်းပစ္စယအသေးလေးတွေချိတ်ဖို့ ချိတ်ကလေးတွေလည်း ပါဝင်ပါတယ်။
အနောက်ခုံကိုခေါက်ဖို့ဆိုရင်တော့ 40:20:40 သုံးခုခေါက်နိုင်ပါတယ်။ တအားရှည်ပြီး ဗြက်မကျယ်တဲ့ အရာဝတ္တုတွေတင်ဆောင်ဖို့အတွက် အလယ် 20 ကိုပဲခေါက်ချပြီး တင်ဆောင်နိုင်တာမျိုးပါ။ ခုံအားလုံးကို ခေါက်ချလိုက်မယ်ဆိုရင်တော့ ဝင်ဆံ့မှုပမာဏက 1,655-litre အထိရှိသွားမှာဖြစ်တဲ့အတွက် တော်တန်ရုံ ဘယ်အရာမဆိုတင်ဆောင်နိုင်မယ့် သဘောမှာရှိနေတာ တွေ့ရတယ်။ ဆိုလိုတာက ဘီးတပ်ထားတဲ့ စက်ဘီးမျိုးလိုပေါ့။

မောင်းနှင်မှု

Tiguan ကိုမောင်းနှင်ကြည့်ရာမှာလည်း အထင်ကြီးစရာပါပဲ။ ဝန်ခံရရင် သိပ်ကြီးတော့ စိတ်လှုပ်ရှားဖွယ်ရာ မရှိလှပါဘူး။ ဒါပေမယ့် သူ့ရဲ့ အားကောင်းတဲ့အပိုင်းက သက်သောင့်သက်သာရှိတယ်၊ အသံဆူညံမှု နည်းပါးတယ်၊ လုံခြုံစိတ်ချမှုရှိတယ်ဆိုတဲ့ ခံစားမှုကိုပေးတယ်။ နောက်ပြီး အမြန်လမ်းတွေအပေါ်မှာ တည်ငြိမ်မှုကိုလည်း ရရှိစေတယ်။
Tiguan ဟာ မြို့တွင်းပတ်လည်မောင်းနှင်ဖို့အတွက် လုံလောက်တဲ့သွက်လက်မှုမျိုးရှိပြီး အမြန်လမ်းတွေပေါ်မှာလည်း နောက်ကျကျန်နေရစ်မှာမဟုတ်တဲ့ ကားမျိုးပါ။ Automatic emergency city braking ပါဝင်တဲ့ Volkswagen ရဲ့နောက်ဆုံးပေါ် saftey စနစ်တွေကြောင့်လည်း ဝင်ယူစီးနင်းသူနဲ့ သူ့မိသားစုအတွက် ရှုပ်ယှက်နေတဲ့မြို့ထဲလိုနေရာတွေမှာတောင် စိတ်ချလက်ချမောင်းနှင်နိုင်မှာသေချာပါတယ်။
တကယ်လို့သာ ခရီးဝေးအများကြီးသွားဖို့မလိုတဲ့သူတစ်ယောက်အတွက်ဆိုရင် 1.5-litre 150hp ဓါတ်ဆီအင်ဂျင်ဟာ အကောင်းဆုံးပါပဲ။ ဈေးနှုန်းအရလည်း သင့်တော်သလို စွမ်းဆောင်ရည်ပိုင်းအရပဲကြည့်ကြည့်၊ ချွေတာရေးအရပဲကြည့်ကြည့် goldilocks ရွေးချယ်လိုက်တဲ့အရာမျိုးတွေလိုပါပဲ။ အားလုံးက အစွန်းနှစ်ဘက်နဲ့ လွတ်ကင်းမှုရှိနေပါတယ်။ အဝေးပြေးလမ်းပေါ်မှာ အနေများမယ့်သူဆိုရင်တော့ 2.0-litre ဒီဇယ်အင်ဂျင်ကို ရွေးချယ်သင့်ပါတယ်။ 2WD ဒါမှမဟုတ် 4WD ထဲကနှစ်သက်ရာကို automatic gearbox နဲ့ရယူနိုင်မှာဖြစ်ပေမယ့် off-road တွေသာအမောင်းများတဲ့သူဆိုရင်တော့ Land Rover ရဲ့ Discovery Sport က ပိုပြီးသင့်တော်ပါလိမ့်မယ်။
2.0-litre 150hp ဓါတ်ဆီအင်ဂျင်နဲ့ လက်တွေ့မောင်းနှင်ကြည့်ရမှာတော့ 0-60mph ရဖို့ 9.3 စက္ကန့်ကြာမြင့်တာတွေ့ရတယ်။ ဒီအင်ဂျင်နဲ့ဆိုရင် ဆီစားနှုန်း 59mpg အထိရနိုင်မယ်လို့ Volkswagen ကဆိုထားပေမယ့် လက်တွေ့မှာ 47mpg အထိတော့ ရရှိပါတယ်။

“ထူးခြားတဲ့ အပိုဆောင်း စွမ်းဆောင်နိုင်စွမ်းတွေသာမလိုအပ်ဘူးဆိုရင် Volkswagen Tiguan ဟာ ဝယ်ယူစီးနင်းသင့်တဲ့ အကောင်းတကာ့အကောင်းဆုံး မိသားစုစီး SUV တစ်စီးပါလို့ ပြောပါရစေ”

ပါဝင်တဲ့အချက်တွေ

Volkswagen Tiguan က UK မှာတော့ trim လေးမျိုးနဲ့ထုတ်လုပ်ရောင်းချနေတာပါ။ S ၊ Match ၊ SEL နဲ့ R Line Tech ပါ။

S

S trim မှာက climate control ၊ 17-inch အလွိုင်းခွေ၊ သားရေသားအုပ် လက်ကိုင်ခွေ၊ အမိုးတန်းတွေကို စံသတ်မှတ်ချက်အနေနဲ့ ရရှိနိုင်တယ်။ ဂြိုဟ်တုလမ်းညွှန်လိုမျိုး အပိုဆောင်းလိုအပ်ချက်တွေအတွက် အပိုဆောင်းကုန်ကျစာရိတ်ရှိနေမှာဖြစ်တဲ့အတွက် Tiguan ထဲမှာတော့ လက်ရှောင်သင့်တဲ့ trim ပါ။
အင်ဂျင်ရွေးချယ်စရာအနေနဲ့ကတော့ ငါးမျိုးရှိပါတယ်။ ဓါတ်ဆီ၊ ဒီဇယ်၊ ပါဝါ စသည်ဖြင့်ကွဲပြားတာပါ။

Match

ပေးရတဲ့ဈေးနဲ့ ထိုက်တန်တဲ့ trim ကတော့ Match ပါ။ 19-inch အလွိုင်းခွေ၊ ငွေရောင်အမိုးတန်း တွေပါလာမယ်။ Keyless entry ၊ three-zone climate control အပြင် ဂြိုဟ်တုလမ်းညွှန်ပါတဲ့ infotainment စနစ်နဲ့ရရှိမယ်။ အရှေ့အနောက် parking sensors တွေအတွက်ကတော့ ငွေနည်းနည်းထပ်မံကုန်ကျမှာပါ။
Match မှာဆိုရင် ရွေးချယ်ဝယ်ယူနိုင်စရာ အင်ဂျင်က ရှစ်မျိုးတောင်ရှိပါတယ်။

SEL

Tiguan အသစ်အတွက် ထောက်ခံချက်ပေးချင်တဲ့ trim ကတော့ SEL ပါ။ SEL မှာက cruise control နဲ့ panoramic sunroof ကို စံသတ်မှတ်ချက်အနေနဲ့ ထည့်သွင်းပေးထားတယ်။ နှိပ်နယ်ပေးနိုင်တဲ့ ထိုင်ခုံတွေ၊ LED အရှေ့မီးတွေပါဝင်ပေမယ့် sporty ဆန်ဆန်လိုချင်ရင်တော့ R Line model ကိုဝယ်ယူရမှာပါ။
Tiguan SEL trim မှာက ရွေးချယ်စရာ အင်ဂျင်အနေနဲ့ ကိုးမျိုးတောင်ရှိပါတယ်။

R Line Tech

Tiguan ရဲ့ အကောင်းဆုံး trim ပါပဲ။ အလွိုင်းခွေက 20-inch ပါ။ ခပ်ကြမ်းကြမ်းစတိုင် bumpers တွေတပ်ဆင်ပေးထားပြီး အမိုးတန်းလည်းပါဝင်တဲ့အပြင် sporty လည်း ပိုဆန်ပါတယ်။ Volkswagen ရဲ့ active info display ၊ အရှေ့အနောက် parking sensors တွေ၊ ပတ်ဝန်းကျင်တစ်ခုလုံးကို စောင့်ကြည့်ပေးထားတဲ့ စနစ်၊ adaptive cruise control နဲ့ panoramic sunroof တွေတပ်ဆင်ပေးထားမှာဖြစ်တဲ့အတွက်လည်း အကောင်းဆုံး trim ဖြစ်နေရတာပါ။
ရွေးချယ်စရာအင်ဂျင်ကတော့ R Line Tech အတွက်လည်း ကိုးမျိုးပါပဲ။

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)
Ref: Volkswagen Tiguan Review by Mat Watson

Author

Comments