ကမ္ဘာ့ခေါင်းဆောင်တွေ ဘယ်နိုင်ငံထုတ်ကားတွေစီးကြသလဲ၊ ဘာအမှတ်တံဆိပ်ဖြစ်မလဲ

0

Full article

တကယ်လို့ သင်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုရဲ့ခေါင်းဆောင်ဖြစ်လာပြီဆိုပါစို့။ သင့်အနေနဲ့ ကြုံရာကားတစ်စီးနဲ့ အပြင်ထွက်သွားလာလို့မရတော့ပါဘူး။ သင်စီးမယ့်ကားဟာ လုံခြုံရေးအတွက် အကာအကွယ်ပေးနိုင်ရမှာဖြစ်သလို စတိုင်ကျကျသက်သောင့်သက်သာစီးနင်းလိုက်ပါဖို့လည်း အရေးကြီးပါတယ်။ ဒါ့ကြောင့် ယနေ့ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ခေါင်းဆောင်တွေအနေနဲ့ ဘယ်လိုကားမျိုးတွေအသုံးပြုနေကြသလဲ။ သူတို့ စီးနင်းအသုံးပြုနေတဲ့ကားတွေဟာ ဘယ်လောက်အရည်အသွေးကောင်းပြီး ဘယ်လောက်စတိုင်ကျလှပသလဲဆိုတာ လေ့လာသိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။


(၁) ဂျပန်ဘုရင်ရဲ့ Toyota Century Royal


ဂျပန်တော်ဝင်မိသားစုအတွက် သီးသန့်ထုတ်လုပ်ပေးထားတဲ့ Toyota Century Royal ဟာ Toyota ကုမ္ပဏီရဲ့အကောင်းဆုံးလက်ရာမွန်လို့တောင် ပြောနိုင်ပါတယ်။ တကယ်ဆိုရင် သာမန်ထုတ်လုပ်ဖြန့်ချိတဲ့ Toyota Century ကားတွေလောက်နဲ့တင် Toyota ရဲ့ဖန်တီးမှုလက်ရာကို ချီးကျူးသင့်နေပါပြီ။ ဂျပန်တော်ဝင်မိသားစုအတွက် ထုတ်လုပ်တဲ့ Royal ကားတွေကတော့ လုံခြုံရေးပိုင်းရော၊ Luxury ပိုင်းမှာပါ လက်ဖျားခါလောက်တဲ့အခြေအနေဖြစ်သွားပါပြီ။ Toyota ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၂၀၀၆ ကနေ ၂၀၀၈ ခုနှစ်အတောအတွင်း ဂျပန်တော်ဝင်မိသားစုအတွက် Royal (၄) စီးထုတ်လုပ်ပေးခဲ့ပြီး နည်းပညာပိုင်းရော၊ ဒီဇိုင်းပိုင်းပါ ရှေးမူမပျက်တဲ့ဟန်ကို ဆက်လက်ထိန်းသိမ်းထားပါတယ်။


(၂) အမေရိကန်သမ္မတရဲ့ Cadillac


အမေရိကန်အစိုးရအသိုင်းအဝိုင်းနဲ့ အထူးလျှို့ဝှက်အေးဂျင့်တွေက The Beast လို့ နာမည်ပြောင်ပေးထားတဲ့ Cadillac ရဲ့အထူးဇိမ်ခံကားကြီးအကြောင်းကိုလည်း ချန်လှပ်ထားခဲ့လို့မရပါဘူး။ Cadillac ဟာ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ကတည်းက အမေရိကန်သမ္မတတွေစီးနင်းအသုံးပြုမယ့် Presidential State Car တွေကို တာဝန်ယူထုတ်လုပ်ပေးခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ အသစ်ထုတ်လုပ်လိုက်တဲ့ The Beast ကတော့ နောက်ဆုံးထုတ်ဒီဇိုင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ အတွင်းပိုင်းတည်ဆောက်ပုံအရတော့ Cadillac ရဲ့အရင်ဇိမ်ခံကားရှည်ကြီးတွေနဲ့ တူညီနေတယ်လို့သိရပါတယ်။ ကားကိုယ်ထည်နံရံတစ်ခုလုံးမှာ ကျည်ကာသတ္ထုပြားတွေပါရှိပြီး အသေးစားပေါက်ကွဲမှုဒဏ်ကိုတောင် ခံနိုင်ရည်ရှိပါတယ်။ ကားမှာတပ်ဆင်ထားတဲ့တာယာတွေဟာ စုတ်ပြတ်ပြဲထွက်ခဲ့ရင်တောင် ဘီးခွေတွေချည်းပဲဆက်မောင်းနိုင်ပါသေးတယ်။ အံ့သြဖို့ကောင်းတာကတော့ ကားအတွင်းမှာ အမေရိကန်သမ္မတနဲ့ သမ္မတကတော်တို့ရဲ့သွေးအမျိုးအစားကို အအေးခံစနစ်နဲ့ အပိုထပ်ဆောင်းသယ်ဆောင်လေ့ရှိတဲ့အချက်ပါပဲ။


(၃) ဗြိတိန်ဘုရင်မကြီးရဲ့ Bentley ဇိမ်ခံကား


လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်က ကျရောက်တဲ့ဗြိတိန်ဘုရင်မကြီးအဲလိဇဘက်ရဲ့မွေးနေ့မှာ Bentley ကုမ္ပဏီက အထူးဇိမ်ခံကားတစ်စီးလက်ဆောင်ပေးခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက အဲလိဇဘက်ဘုရင်မကြီးရဲ့လက်စွဲတော်ကားတစ်စီးဖြစ်လာခဲ့တာ အခုထိပါပဲ။ Bentley State Limousine လို့ခေါ်တဲ့ဒီကားဟာ ဒီဇိုင်းလှပရုံတင်မကဘဲ အသေးစားပေါက်ကွဲမှုတွေ၊ ဗုံးဒဏ်တွေကို ကောင်းကောင်းခံနိုင်စွမ်းရှိပါတယ်။ တကယ်လို့ မတော်တဆဖြစ်ပြီး ယာဉ်တိမ်းမှောက်သွားပြီဆိုရင် ကားတံခါးချပ်တွေဟာ ကိုယ်ထည်ကနေ ကျွတ်ထွက်ပြီး စီးနင်းလာသူကို အကာအကွယ်ပေးကာ လွတ်မြောက်စေနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်ထူးခြားချက်တစ်ခုက Bentley State Limousine ရဲ့ အမိုးကို အဲလိဇဘက်ဘုရင်မကြီးရဲ့အရပ်နဲ့အညီ မြှင့်ထားတာကြောင့် ဘုရင်မကြီးအနေနဲ့ ခါးကုန်းစရာ၊ ကွေးညွှတ်စရာသိပ်မလိုဘဲ ကားအတွင်းကို သက်သောင့်သက်သာဝင်ရောက်စီးနင်းနိုင်မှာဖြစ်ပါတယ်။


(၄) ကင်ဂျုံအန်ရဲ့ Mercedes-Benz S600 Pullman


Mercedes ကုမ္ပဏီက ထုတ်လုပ်တဲ့ Pullman အမျိုးအစားဇိမ်ခံကားကြီးတွေကို ကမ္ဘာ့ခေါင်းဆောင်တွေတော်တော်များများအသုံးပြုလေ့ရှိပြီး အဲဒီအထဲမှာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်လည်း ပါဝင်နေပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဖို့ စင်ကာပူနဲ့ဟနွိုင်းမြို့တွေကိုခရီးထွက်ရာမှာ ကင်ဂျုံအန်ဟာ သူ့ရဲ့ Mercedes-Benz S600 Pullman ကားကြီးကို ပွဲထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ မေးခွန်းထုတ်စရာရှိတာက ကုန်သွယ်ရေးပိတ်ဆို့ခံထားရတဲ့မြောက်ကိုရီးယားအစိုးရအနေနဲ့ Mercedes ကုမ္ပဏီထုတ် အကောင်းစားကားတစ်စီးကို ဘယ်လိုဝယ်ယူတင်သွင်းခဲ့သလဲဆိုတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဗုံးပေါက်ကွဲမှုနဲ့ ကျည်ဆံဒဏ်ကိုကာကွယ်နိုင်တဲ့ Pullman ဟာ ကင်ဂျုံအန်လိုပုဂ္ဂိုလ်မျိုးရဲ့လုံခြုံရေးအတွက် အသင့်တော်ဆုံးဆိုတာကတော့ ငြင်းလို့မရနိုင်ပါဘူး။


(၅) ပုပ်ရဟန်းမင်းကြီးရဲ့ Mercedes-Benz M Class


ရောမမြို့လယ်မှာရှိတဲ့ ဗာတီကန်စီးတီးကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိထားတဲ့ပုပ်ရဟန်းမင်းကြီးကို ကမ္ဘာခေါင်းဆောင်တွေထဲမှာ ထည့်သွင်းသတ်မှတ်မယ်ဆိုရင် သူစီးနင်းအသုံးပြုတဲ့မော်တော်ကားအကြောင်းကိုလည်း ထည့်သွင်းဖော်ပြရပါလိမ့်မယ်။ ပုပ်ရဟန်းမင်းကြီးစီးတဲ့မော်တော်ကားကို Popemobile လို့ ခေါ်ကြပြီး သမိုင်းတလျှောက် ကောင်းပေ့ဆိုတဲ့ကားမျိုးတွေသာ အစဉ်အဆက်အသုံးပြုခဲ့ကြတာပါ။ လက်ရှိပုပ်ရဟန်းမင်းကြီးဖရန်ဆစ်စီးနင်းအသုံးပြုနေတဲ့ကားကတော့ အဆင့်မြှင့်တင်ပြောင်းလဲမှုတွေလုပ်ထားတဲ့ Mercedes-Benz M Class ပဲဖြစ်ပါတယ်။ ဘယ်လိုပြောင်းလဲထားသလဲဆိုတော့ နောက်ပိုင်းအမိုးနဲ့ ထိုင်ခုံနေရာတွေမှာ ပုပ်ရဟန်းမင်းကြီးထိုင်ဖို့ အထူးသီးသန့်ထိုင်ခုံတစ်လုံးနဲ့ အစားထိုးထားတာပဲဖြစ်ပါတယ်။ ပြီးတော့ ထိုင်ခုံရဲ့ဘေးပတ်ပတ်လည်မှာ ကျည်ကာမှန်တွေလည်း တပ်ဆင်ပေးထားပါသေးတယ်။ ဒီလိုကာကွယ်ရတဲ့အကြောင်းရင်းက ၁၉၈၁ ခုနှစ်က ပုပ်ရဟန်းမင်းကြီးဂျွန်ပေါလ်ကို လုပ်ကြံဖို့ကြိုးစားတဲ့ကိစ္စလိုမျိုးထပ်မဖြစ်အောင်လို့ပါ။


(၆) ရုရှားသမ္မတရဲ့ Aurus Senat


မော်စကိုမြို့အခြေစိုက်မော်တော်ကားသုတေသနသိပ္ပံ NAMI က ထုတ်လုပ်တဲ့ Aurus Senat ဟာ ဒီဇိုင်းအသွင်အပြင်နဲ့ စက်ပိုင်းဆိုင်ရာစွမ်းဆောင်မှုတွေကအစ Rolls-Royce Phantom  နဲ့သွားတူနေပါတယ်။ ဒါကြောင့် အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်တဲ့ ရုရှားသမ္မတဗလာဒီမာပူတင်အတွက် ရွေးချယ်စရာတစ်ခုဖြစ်လာခဲ့ပါတယ်။ မစ္စတာပူတင်ဟာ အရင်တုန်းက Mercedes အမျိုးအစားစီးလေ့ရှိပြီး နောက်ပိုင်းမှာတော့ ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်တဲ့ Aurus Senat ဇိမ်ခံကားကိုသာ Offical State Car အဖြစ် သတ်မှတ်အသုံးပြုခဲ့တာပါ။


(၇) တရုတ်သမ္မတရဲ့ Hongqi L5


လက်ရှိတရုတ်သမ္မတကြီးရှီကျင့်ဖျင် စီးနင်းအသုံးပြုတဲ့ကားဟာ ရုတ်တရက်ကြည့်ရင် ၁၉၅၀ ပြည့်လွန်နှစ်တွေက ထုတ်လုပ်ခဲ့တဲ့ဥရောပဇိမ်ခံကားကြီးတွေနဲ့ သွားပြီးဆင်တူနေပါတယ်။ ဒါပေမဲ့ ဒီကားဟာ တရုတ်မော်တော်ကားအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Hongqi ရဲ့အကောင်းဆုံးဖန်တီးမှုတစ်ခုအဖြစ် ပေါ်ထွက်လာတဲ့ဇိမ်ခံကားတစ်စီးပါ။ ဒီကားရဲ့မော်ဒယ်ကို Hongqi L5 လို့ ခေါ်ပြီး ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာ ၈ သိန်းလောက်တန်ကြေးရှိတယ်လို့ သိရပါတယ်။ အမျိုးသားရေးစိတ်ဓာတ်ရှိပြီး ပြည်တွင်းစီးပွားရေးတိုးတက်ဖို့လိုလားတဲ့ သမ္မတရှီကျင့်ဖျင်ကတော့ ၂၀၁၃ ခုနှစ်လောက်ကတည်းက Hongqi L5 ကို Offical State Car အဖြစ်သတ်မှတ်အသုံးပြုခဲ့တာပါ။ Hongqi L5 မှာ ရုတ်တရက်ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ လက်နက်တွေလျှို့ဝှက်တပ်ဆင်ထားသလို နောက်ဆုံးပေါ်ကာကွယ်ရေးနည်းပညာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။


(၈) ဂျာမနီအဓိပတိရဲ့ Audi A8


EU အဖွဲ့ဝင်နိုင်ငံတွေထဲမှာ အထင်ရှားဆုံးပုံရိပ်တစ်ခုအဖြစ်သာမက ကမ္ဘာ့သြဇာအကြီးဆုံးအမျိုးသမီးတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ဂျာမနီအဓိပတိ အိန်ဂျလာမာကယ် စီးနင်းအသုံးပြုတဲ့ကားကိုလည်း ထည့်သွင်းဖော်ပြရပါလိမ့်မယ်။ မာကယ် လက်ရှိအသုံးပြုနေတဲ့ Offical State Car ကတော့ ကာကွယ်ရေးနည်းပညာတွေအစုံအလင်တပ်ဆင်ထားတဲ့ Audi A8 ကားပဲဖြစ်ပါတယ်။ အိန်ဂျလာမာကယ်ရဲ့အသုံးတော်ခံအဖြစ် ထုတ်လုပ်တပ်ဆင်ပေးရာမှာ ကာကွယ်ရေးနည်းပညာတွေထောက်ပံ့ဖို့ ဂျာမန်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Audi ကုမ္ပဏီကိုသာ ဂျာမနီအစိုးရက ရွေးချယ်ခဲ့တယ်လို့လည်း ပြောနိုင်ပါတယ်။ Audi A8 ရဲ့ကိုယ်ထည်ဒီဇိုင်းနဲ့အသွင်အပြင်ကလည်း ချောမွေ့ပြေပြစ်ပြီးသားဖြစ်လို့ အမျိုးသမီးခေါင်းဆောင်တစ်ဦးအတွက် လိုက်ဖက်ညီတဲ့ကားတစ်စီးလို့လည်း ဆိုနိုင်ပါတယ်။


(၉) ပြင်သစ်သမ္မတရဲ့ DS 7 Crossback


၂၀၁၇ ခုနှစ်က ပြင်သစ်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး ယာဉ်တန်းနဲ့လှည့်လည်အောင်ပွဲခံရာမှာ သမ္မတအီမန်နျူရယ်မက်ခရွန် စီးနင်းအသုံးပြုခဲ့တဲ့ကားက SUV တစ်စီးပဲဖြစ်ပါတယ်။ ဒါဟာ ပြင်သစ်နိုင်ငံရဲ့သမိုင်းတလျှောက်မှာ သမ္မတတစ်ဦးအနေနဲ့ SUV တစ်စီးကိုအသုံးပြုခဲ့တာ ပထမဆုံးအကြိမ်လည်းဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မက်ခရွန်စီးတာ သာမန် SUV တော့မဟုတ်ပါဘူး။ နာမည်ကြီး Peugeot ကုမ္ပဏီရဲ့အဖွဲ့ခွဲဖြစ်တဲ့ DS ကနေ ထုတ်လုပ်ပေးလိုက်တဲ့ DS 7 Crossback မော်ဒယ် ဇိမ်ခံကားတစ်စီးပဲဖြစ်ပါတယ်။ ဒီကားဟာ ပြင်သစ်နိုင်ငံထုတ် Rolls-Royce ဆိုပြီး ဈေးကွက်အတွင်းမှာ နာမည်ကြီးနေတဲ့ကားလည်းဖြစ်ပါတယ်။ သမ္မတမက်ခရွန်စီးနင်းအသုံးပြုဖို့အတွက်တော့ ပိုမိုအဆင့်မြင့်တဲ့ကာကွယ်ရေးနည်းပညာတွေအသုံးပြုခဲ့ရပါတယ်။ တကယ်လို့ ကားဝါသနာရှင်တွေအနေနဲ့ မက်ခရွန်စီးသလို DS 7 Crossback ကို စိတ်ဝင်စားတယ်ဆိုရင်လည်း ပဲရစ်မြို့က DS အရောင်းပြခန်းမှာ သွားရောက်လေ့လာဝယ်ယူနိုင်ပါတယ်။


(၁၀) တောင်ကိုရီးယားသမ္မတရဲ့ Hyundai Equus


တောင်ကိုရီးယားနိုင်ငံရဲ့ခေါင်းဆောင်တစ်ဦးအနေနဲ့ သမ္မတမွန်ဂျေအင်းဟာ Hyundai ကုမ္ပဏီထုတ် မော်တော်ကားကိုအသုံးပြုတာ သဘာဝကျတဲ့ကိစ္စပါ။ ဒါပေမဲ့ မော်ဒယ်ခွဲတွေအများကြီးရှိတဲ့ Hyundai ထုတ်ကုန်တွေထဲကနေ ဘာကိုရွေးချယ်အသုံးပြုမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။ လက်ရှိ သမ္မတမွန်ဂျေအင်းစီးနင်းအသုံးပြုနေတာကတော့ Hyundai ကုမ္ပဏီထုတ် Hyundai Equus အမျိုးအစားပဲဖြစ်ပါတယ်။ တကယ်တော့ ဒီကားကို ၂၀၁၃ ခုနှစ်ကတည်းက တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်သီးခေါင်းဆောင်တွေစီးနင်းဖို့ သတ်မှတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ယခင်သမ္မတပတ်ဂွမ်ဟေးကတော့ ဥရောပထုတ် Mercedes-Benz  နဲ့ BMW ကားတွေကိုသာ ပိုမိုနှစ်သက်ပြီး ရွေးချယ်အသုံးပြုခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ပတ်ဂွမ်ဟေးဟာ အကျင့်ပျက်ခြစားမှုနဲ့ စွဲချက်တင်ခံရပြီး သမ္မတရာထူးစွန့်လွှတ်ခဲ့ရချိန်မှာတော့ Hyundai Equus ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ Official State Car အဖြစ် ပြန်လည်နေရာရရှိလာခဲ့ပါတော့တယ်။

Ref: 10 Coolest Cars Used By World Leaders by DAVID CHIODAROLI

Author

Comments