မက်ဆီ ၊ Audi နှင့်သူအကြိုက်ဆုံးကားများ

0

Full article

မက်ဆီဆိုတဲ့နာမည်ဟာ ဘောလုံးအားကစားနဲ့ မရင်းနှီးသူတွေတောင် အကြိမ်ပေါင်းများစွာကြားဖူးတဲ့နာမည်တစ်ခု။ တချို့ပရိသတ်တွေဆိုရင်လည်း မက်ဆီရဲ့ခြေစွမ်းဟာဘယ်လိုပါလိမ့်လို့စပ်စုရင်း ဘောလုံးအားကစားကို ထဲထဲဝင်ဝင်စိတ်ဝင်တစားအားပေးလာခဲ့ကြတယ်။ လီယွန်နယ်မက်ဆီဆိုတဲ့ ဘောလုံးသမားဟာ ဒီလောက်အထိ ဘောလုံးလောကကို ကိုင်လှုပ်နိုင်ခဲ့တဲ့စူပါစတားတစ်ဦး …။ ဒီလိုစူပါစတားတစ်ဦးအနေနဲ့ ကွင်းပြင်ပမှာဘယ်လိုကားတွေ စီးသလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ မက်ဆီအနေနဲ့ ကွင်းထဲက ခြေစွမ်းနဲ့လိုက်ဖက်တဲ့ စူပါကားတွေရှိသလား။ Sportsman လို့ခေါ်တဲ့ အားကစားသမားတစ်ဦးအနေနဲ့ Sports Car လို့ခေါ်ကြတဲ့ ပြိုင်ကားတွေရော ဘယ်နှစ်စီးပိုင်ဆိုင်ထားသလဲဆိုတာကိုလည်း စာဖတ်သူတွေ သိချင်နေကြမှာပါ။ ဒါ့ကြောင့် မက်ဆီရဲ့ကားဂိုထောင်ထဲကို သွားကြည့်လိုက်ကြရအောင် …။

(၁) Ferrari F430 Spider

Ferrari ဆိုတာက ကမ္ဘာကျော်တဲ့ celebrity တွေ၊ နာမည်ကြီးဘောလုံးသမားတွေစီးတဲ့ကားမျိုးဖြစ်တာကြောင့် မက်ဆီရဲ့ကားဂိုထောင်ထဲမှာရှိနေတာ အံ့သြစရာတော့မဟုတ်ဘူးပေါ့။ ဒါပေမဲ့ Ferrari F430 ဆိုတာက သိပ်ကိုမြန်နှုန်းမြင့်တဲ့အမျိုးအစားပါ။ မြင်းကောင်ရေ 503 Hp ရှိထားပြီး သူ့ရဲ့အရှိန်မြှင့်တင်နိုင်စွမ်းက တခြားပြိုင်ကားတွေထက် ခေါင်းတစ်လုံးပိုပါတယ်။ တိတိကျကျပြောရရင် တစ်နာရီမိုင် ၆၀ နှုန်းကို အချိန် ၄ စက္ကန့်အတွင်း မြှင့်တင်နိုင်စွမ်းရှိပါတယ်။ ဒီလိုကားမျိုးကပဲ မက်ဆီကို ပိုမြန်တဲ့တိုက်စစ်မှူးကောင်းတစ်ယောက်ဖြစ်လာအောင် တွန်းအားပေးလှုံ့ဆော်နိုင်စွမ်းရှိမှာပါ။

(၂) Audi Q7

မော်တော်ကားနဲ့ပတ်သက်ရင် မက်ဆီက အစွဲအလမ်းထားပုံမရပါဘူး။ ဒါ့ကြောင့်လည်း အရွယ်အစားကြီးမားတဲ့ Audi Q7 လို SUV အမျိုးအစားမျိုးကို ဝယ်စီးတာဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တော့ Audi Q7 ဟာ သိပ်ကို luxury ဆန်တဲ့ SUV တစ်စီးပါ။ စက်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်မှာဆိုရင်လည်း တစ်နာရီမိုင် ၆၀ နှုန်းကို အချိန် ၉ စက္ကန့်အတွင်း မြှင့်တင်နိုင်စွမ်းရှိထားပါတယ်။ တံခါး ၄ ပေါက်နဲ့ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ကားတစ်စီးဖြစ်တာကြောင့်လည်း မက်ဆီအနေနဲ့ သူ့ရဲ့ဘာစီလိုနာအသင်းဖော်တွေကို ခေါ်တင်ပြီး မောင်းနှင်းနိုင်ပါသေးတယ်။ သန်းကြွယ်သူဌေးဘောလုံးသမားတွေဆီမှာ အတွေ့ရများတဲ့ တံခါး ၂ ပေါက်ပြိုင်ကားတွေနဲ့ယှဉ်ရင် Audi Q7 က ဘော်ဒါတွေစုပြီး အပျော်ခရီးထွက်ဖို့ ပိုပြီးသင့်တော်မှာ အသေအချာပါပဲ။

(၃) Maserati Granturismo Mc Stradale

မက်ဆီရဲ့ကားရုံထဲမှာ နောက်ထပ်တွေ့ရတဲ့ကားကတော့ ပြိုင်ကားတစ်စီးပါ။ ဒါပေမဲ့ သာမန်ပြိုင်ကားတော့မဟုတ်ပါဘူး။ အီတလီရဲ့နာမည်ကြီးအမှတ်တံဆိပ်ဖြစ်တဲ့ Maserati ရဲ့ထုတ်ကုန်တစ်စီးပဲဖြစ်ပါတယ်။ ပြိုင်ကားဝါသနာရှင်တွေအနေနဲ့ ကားရဲ့ရှေ့ဦးပိုင်းမှာ တွေ့လိုက်ရတဲ့ Maserati ရဲ့ logo ကို မြင်ရုံနဲ့ ဒီကားရဲ့အရည်အသွေးနဲ့အဆင့်အတန်းကို ခန့်မှန်းနိုင်ကြမယ်ထင်ပါတယ်။ မြင်တွေ့ရတဲ့ကိုယ်ထည်ဒီဇိုင်းအရလည်း မြင်သူတိုင်းက လိုချင်တပ်မက်ကြမယ့်ကားတစ်စီးပါ။ အဲဒီကားကတော့ Maserati Granturismo Mc Stradale ဖြစ်ပြီး မြင်းကောင်ရေ 454 Hp ထုတ်ပေးနိုင်တဲ့ V8 အင်ဂျင်တပ်ဆင်ထားပါတယ်။

(၄) Dodge Charger SRT8

နောက်တစ်စီးက အမေရိကရဲ့နာမည်ကျော်ထုတ်ကုန်တစ်ခုဖြစ်တဲ့ Dodge Charger ပါ။ Muscle Car တစ်စီးဖြစ်တဲ့ Dodge Charger SRT8 ဟာ မက်ဆီလိုကမ္ဘာ့အကောင်းဆုံးဘောလုံးသမားကို ကိုယ်စားပြုတဲ့စီးတော်ယာဉ်ဖြစ်ဖို့လည်း ထိုက်တန်နေပါတယ်။ တစ်နည်းပြောရရင် စိတ်ဓာတ်ပိုင်းရော၊ ကြံ့ခိုင်မှုပိုင်းရော သန်စွမ်းတဲ့အားကစားသမားတစ်ဦးကို Muscle Car တစ်စီးနဲ့အတူ တွေ့မြင်ရတာ သိပ်ပြီးလိုက်ဖက်ညီတယ်လို့ ဆိုရပါလိမ့်မယ်။ နောက်တစ်ချက်က Dodge Charger SRT8 ရဲ့အင်ဂျင်ပါဝါဟာ မြင်းကောင်ရေ 707 Hp အထိရှိနေလို့ မက်ဆီရဲ့ကားတွေထဲမှာ စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်နေတာပါပဲ။

(၅) Audi R8 GT

မက်ဆီဟာ ကားတွေနဲ့ပတ်သက်ပြီး အစွဲအလမ်းမထားဘူးဆိုပေမယ့် Audi အမှတ်တံဆိပ်ကိုတော့ တော်တော်ကြိုက်ပုံရပါတယ်။ အခုတွေ့မြင်ရတဲ့ Audi R8 GT အပါအဝင် Audi ကား ၃ စီးလောက်အထိ သူ့ရဲ့ကားရုံထဲမှာရှိနေပါတယ်။ Audi R8 GT ဟာ R8 Series ထဲမှာ အင်ဂျင်ပါဝါအမြင့်ဆုံးဖြစ်သလို စတိုင်အကျဆုံးပြိုင်ကားတစ်စီးဖြစ်နေပါတယ်။ ဒီကားရဲ့အင်ဂျင်ပါဝါက မြင်းကောင်ရေ 610 Hp ထုတ်ပေးနိုင်တာကြောင့် မက်ဆီအတွက် မျက်နှာမငယ်စေရတဲ့ကားတစ်စီးပါ။ ဘောလုံးကွင်းမြက်ခင်းပြင်တွေပေါ်က မက်ဆီရဲ့မြန်နှုန်းကို အနီးစပ်ဆုံးကိုယ်စားပြုပေးနိုင်တဲ့ပြိုင်ကားတစ်စီးလည်း ဖြစ်ပါတယ်။

(၆) Audi R8

ဖြစ်နိုင်ချေရှိတာကတော့ မက်ဆီဟာ Audi R8 GT ကို မဝယ်ခင် အစောပိုင်းကတည်းက Audi R8 တစ်စီးရှိခဲ့ပုံပါပဲ။ Audi ကားတွေကို နှစ်သက်တဲ့စိတ်အခံကြောင့်ပဲဖြစ်ဖြစ်၊ မက်ဆီရဲ့ကားရုံထဲမှာ အခုဆို  R8 နှစ်စီးအထိရှိထားပါတယ်။ အခုဖော်ပြမယ့်ရိုးရိုး R8 က R8 GT လောက် မော်ဒယ်မမြင့်ပေမယ့် မြင်းကောင်ရေ 532 Hp အထိထုတ်လုပ်ပေးနိုင်ပါတယ်။ ပြီးတော့ အမြင့်ဆုံးအရှိန်ကိုမြှင့်တင်ရာမှာလည်း အချိန်ကွာခြားမှုက စက္ကန့်ဝက်ပဲရှိပါတယ်။ ဒါကြောင့် မက်ဆီရဲ့ကားရုံထဲမှာ နေရာတစ်နေရာရဖို့ ထိုက်တန်နေဆဲပါ။

(၇) Toyota Prius

မက်ဆီလို ကမ္ဘာကျော်ဘောလုံးသမား၊ သန်းကြွယ်သူဌေးလေးတစ်ယောက်ဆီမှာ Toyota Prius လို ယေဘုယျဆန်တဲ့ကားမျိုးရှိနေတယ်ဆိုရင် အံ့သြသွားကြမလားမဆိုနိုင်ပါဘူး။ ဒါပေမဲ့ စူပါစတားတစ်ဦးအနေနဲ့ အမြဲတန်း စူပါကားတွေပဲ စီးနေရမယ်ဆိုတဲ့သတ်မှတ်ချက်တော့မရှိပါဘူး။ နဂိုမူလကတည်းက ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ ခပ်အေးအေးဖြတ်သန်းတတ်တဲ့မက်ဆီဟာ တစ်ခါတလေမှာတော့ Toyota Prius ကားလေးနဲ့ လိုက်ဖက်ညီနေပြန်ပါတယ်။

(၈) Range Rover Vogue

ဒါကတော့ မက်ဆီရဲ့ကားဂိုထောင်ထဲမှာ တွေ့ရတဲ့ဒုတိယမြောက် SUV တစ်စီးပါ။ Vogue ဆိုတဲ့စကားလုံးက ခေတ်မီတာ၊ ဖက်ရှင်ကျတာ၊ စတိုင်ကျတာမျိုးကို ဆိုလိုတာကြောင့် Range Rover Vogue ရဲ့ကိုယ်ထည်ဒီဇိုင်းဟာ တော်တော်လေးလန်းမယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ အထူးသဖြင့်တော့ ဒီကားရဲ့ရှေ့မီးလုံးဒီဇိုင်းဟာ ထူးထူးခြားခြားလှပနေပြီး အတွင်းပိုင်းသက်တောင့်သက်သာရှိမှုကလည်း SUV တွေထဲမှာ ထိပ်တန်းကရှိနေပါတယ်။ ဒါတင်မကသေးပါဘူး။ အသုံးပြုထားတဲ့ V6 အင်ဂျင်ရဲ့စွမ်းဆောင်ရည်ကလည်း မက်ဆီကို ကျေနပ်မှုအပြည့်ပေးစွမ်းနိုင်ပါသေးတယ်။

(၉) Mini Cooper S Cabriolet

ဒီကားကိုမြင်လိုက်ရတဲ့အချိန်မှာ မက်ဆီဟာ ကားအမျိုးအစားမရွေးနှစ်သက်တတ်သူတစ်ဦးဆိုတာ ပိုလို့သေချာသွားပါတယ်။ ကမ္ဘာကျော်ဘောလုံးသမားတစ်ဦးအနေနဲ့ ကောင်းပေ့ဆိုတဲ့စူပါကားတွေစီးဖို့လိုအပ်သလို အလယ်အလတ်အဆင့်မှာရှိတဲ့နေ့စဉ်သုံးကားတစ်စီးလည်း လိုအပ်ပါလိမ့်မယ်။ မက်ဆီရဲ့ပုံရိပ်နဲ့သင့်တော်တဲ့နေ့စဉ်သုံးကားတစ်စီးအဖြစ် ဗြိတိန်ထုတ် Mini Cooper S Cabriolet ကို သတ်မှတ်ထားရပါလိမ့်မယ်။ ဒီကားလေးဟာ အမိုးအရှင်ဖြစ်တဲ့ Convertible အမျိုးအစားဖြစ်တာကြောင့် မက်ဆီအနေနဲ့ ပေါ့ပါးလွတ်လပ်စွာမောင်းနှင်နိုင်သလို Sport Type ဖြစ်တာကြောင့်လည်း မက်ဆီကျေနပ်လောက်တဲ့အရှိန်ကို မြှင့်တင်နိုင်စွမ်းရှိပါတယ်။

(၁၀) Lexus LX570

အခုနောက်ဆုံးဖော်ပြမှာကတော့ မက်ဆီရဲ့ကားရုံထဲက တတိယမြောက် SUV တစ်စီးပဲဖြစ်ပါတယ်။ Lexus ဆိုတဲ့အမှတ်တံဆိပ်ဟာ luxury ဆိုတဲ့ အကောင်းစားဇိမ်ခံပစ္စည်းမျိုးကိုရည်ညွှန်းသလို သက်တောင့်သက်သာရှိပြီး စတိုင်ကျလှပမှုကိုလည်း ကိုယ်စားပြုပါတယ်။ မက်ဆီပိုင်ဆိုင်ထားတဲ့ Lexus LX570 အမျိုးအစား SUV ကတော့ အထက်ကဖော်ပြခဲ့တဲ့အချက်အလက်တွေအားလုံးနဲ့ ကိုက်ညီနေပါတယ်။ အတွင်းပိုင်းယာဉ်မောင်းထိုင်ခုံရဲ့နောက်ကျောတွေမှာ ဖျော်ဖြေရေးအတွက် ရုပ်သံ Screen ပါရှိတာကြောင့် ခရီးသွားလာမှုကို ပြီးပြည့်စုံစေတယ်လို့ ဆိုနိုင်ပါတယ်။

Ref : 10 Cars In Lionel Messi's Garage (15 He Should Own) by IAN JOHNSON

Author

Comments