သန်းခေါင်ယံကလပ် သို့မဟုတ် ဂျပန်နိုင်ငံရဲ့ သတင်းဆိုးနဲ့အကျော်ကြားခဲ့ဆုံးသော တရားမဝင် ပြိုင်ကားဂိုဏ်းအကြောင်းအတွင်းကျကျ

0

Full article

တိုကျို Shuto အမြန်လမ်းမကြီးရဲ့ ညဉ့်သန်းခေါင်ယံ...

တိတိကျကျပြောရရင် တိုကျိုကမ်းခြေနားအထိပေါက်တဲ့ ကီလို ၇၀ လောက်ရှိတဲ့ ကတ္တရာစေးတွေအပေါ်မှာပါ။ ယာဉ်ကြောအနေနဲ့ကတော့ သုံးစီး ဒါမှမဟုတ် လေးစီးအထိ ရင်ပေါင်တန်းမောင်းနိုင်တဲ့လမ်း...

အဲဒီလမ်းဟာ ဆိုဒီယမ်လမ်းမီးတွေကြောင့် လိမ္မော်ရောင်မြူနှင်းတွေနဲ့ ခြယ်သထားသလို လှပငြိမ်သက်လို့နေပါတယ်။ အဲဒီအချိန် အလုံးစုံတိတ်ဆိတ်ခြင်းအခြေအနေကို မဖြစ်စေတာဆိုလို့ ညဉ့်နက်ပိုင်းအလုပ်လုပ်နေကြတဲ့ သန့်ရှင်းရေးသမားတွေပဲရှိနေသလိုလို...

သူတို့ကို မမြင်ရသေးခင် ခင်ဗျား ‘စ’ ကြားရမှာက သူတို့ရဲ့အသံ...

ကြွေကျသွားလောက်စရာ စွမ်းဆောင်ရည်အတွက် ရိုင်းစိုင်းပြီး အားကောင်းလှတဲ့အသံ။ ညဉ့်သန်းခေါင်ရဲ့ ငြိမ်ဝပ်မှုကို အပိုင်းပိုင်းအစစ ဖြိုခွဲပစ်လိုက်တဲ့ ထိပ်ထိပ်ပြာပြာ ဖြစ်လောက်စရာ အဆင့်မြင့်အင်ဂျင်ရဲ့ ကြမ်းကြမ်းတမ်းတမ်းဂီတသံစဉ်...

ဒီသံစဉ်နဲ့အတူ အားကြီးနဲ့အတင်းတိုးဝင်လာကြတာကတော့ စွမ်းဆောင်ရည် မြင့်သထက် ပိုမြင့်အောင်ပြင်ဆင်ထားတဲ့ လျှပ်စီးလိုအရှိန်မျိုးနဲ့ တစ်ဒါဇင်လောက်ရှိတဲ့ကားတွေပါ။ သူတို့ရဲ့ နောက်မီးတန်းတွေဟာ ညလေထုကိုအလျင်အပြည့်နဲ့ဖြတ်သန်းသွားတဲ့ ကြက်သွေးရောင် မြန်နှုန်းမြင့်အလင်းတန်းတွေသဏ္ဍာန်ဖြစ်နေတော့တာပါပဲ။

သူတို့တွေဆိုတာကတော့ Middo Naito Kurabu အဖွဲ့သားတွေရယ်ပါ။ သန်းခေါင်ယံကလပ် ဆိုပြီးလည်း သိကြတယ်။ ကမ္ဘာနဲ့ချီပြီး လေးစားကြရတဲ့၊ လူသိများလှတဲ့၊ အများပြည်သူလမ်းမတွေအပေါ် မြန်နှုန်းမြင့်ကား မောင်းကြတဲ့ အဖွဲ့တွေထဲကတစ်ဖွဲ့ပါ။ သူတို့ဂိုဏ်းဟာ အန္တရာယ်ပြည့်အရှိန်နှုန်းနဲ့ ကြမ်းတမ်းပြင်းရှစွာ မောင်းနှင်တဲ့ စတိုင်တွေကြောင့် ကမ္ဘာအနှံ့အထိ နာမည်ဆိုးနဲ့ကျော်ကြားခဲ့ပါတယ်။ လျှို့ဝှက်သိပ်သည်းစွာ ဆောင်ရွက်တတ်မှုတွေရယ်၊ တိကျပြင်းထန်တဲ့ ဂိုဏ်းတွင်းစည်းမျဉ်းဥပဒေသတွေရယ်ကလည်း သူတို့ကို နက်နဲမှုတွေအဖြစ်နဲ့ သတင်းကြီးစေပြန်ပါသေးတယ်။

ပြစ်မှုကျူးလွန်သူတွေအဖြစ် အရင်းအတိုင်း မှတ်ယူနိုင်တဲ့ သန်းခေါင်ယံကလပ်ဟာ ဗြိတိန်ရဲ့ Max Power လိုမျိုး ကမ္ဘာ့ဦးဆောင်ကားမဂ္ဂဇင်းပေါင်း တစ်ရာကျော်ရဲ့ အယ်ဒီတာကဏ္ဍအတွက်ဆိုရင် သူတို့ရဲ့ မြင့်မားလှတဲ့ အမြန်နှုန်း၊ နှလုံးခုန်နှုန်းကိုမြင့်တက်စေတဲ့ အဒရီနလင်လှုပ်ရှားမှုတွေနဲ့ ပေါ်တစ်ဝက် ပျောက်တစ်ဝက် ဒဏ္ဍာရီလာပုံရိပ်တွေကြောင့် အရေးပါလှတဲ့ စိတ်လှုပ်ရှားဖွယ်ရာ ပြယုဂ်တွေဖြစ်လာပါတော့တယ်။

၁၉၈၇ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ သန်းခေါင်ယံကလပ်ရဲ့ အဖွဲ့ဝင်ဖြစ်ဖို့ဆိုတာကတော့၊ သိကြမယ့်အတိုင်း၊ သိပ်မလွယ်ပါဘူး။ အနည်းဆုံး ခင်ဗျားမှာ တစ်နာရီကို မိုင် ၁၆၀ နှုန်း အနိမ့်ဆုံးမောင်းလို့ရမယ့် ကားတစ်စီးလိုပါလိမ့်မယ်။ ကားတင်ပဲလားဆိုတော့ … ဘယ်ဟုတ်ပါ့မလဲ။ မောင်းတဲ့သူအနေနဲ့လည်း တိုကျိုရဲ့ အများသုံး အမြန်လမ်းတွေပေါ်မှာ အနိမ့်ဆုံး တစ်နာရီ မိုင် ၂၀၀ နှုန်းလောက် မောင်းနှင်နိုင်စွမ်းရှိရဦးမှာပါ။

အဲဒီအချိန်တွေတုန်းက ဂျပန်နိုင်ငံမှာ ဘယ်ကားမဆို ဥပဒေအရ အီလက်ထရောနစ်နည်းပညာနဲ့ တစ်နာရီ ၁၁၂ မိုင်နှုန်းထက် မကျော်စေရဆိုတဲ့ ကန့်သတ်မှုရှိခဲ့ပါတယ်။ ဒါကြောင့် သန်းခေါင်ယံကလပ်ရဲ့ အဖွဲ့ဝင်တိုင်းဟာ ကန့်သတ်မှုကို ကျော်ဖေါက်ပြီး သူတို့ကားရဲ့စွမ်းဆောင်ရည်ကိုမြှင့်တင်ဖို့အတွက် စက်မှုနဲ့နည်းပညာပိုင်းတွေမှာ လက်တွေ့ကျွမ်းကျင်မှုရှိဖို့လည်း လိုအပ်ပြန်ပါသေးတယ်။ သန်းခေါင်ယံကလပ်အဖွဲ့သား ဖြစ်လာနိင်ဖွယ်ရှိတဲ့သူတွေဟာ ပထမဆုံးခြေလှမ်းအနေနဲ့ အစမ်းအဖွဲ့ဝင်အဖြစ် တစ်နှစ်နေကြရပါတယ်။ အဲဒီတစ်နှစ်အတွင်းမှာ ကလပ်ရဲ့အစည်းအဝေးတိုင်းကို ပျက်ရက်မရှိ အမြဲတက်ရောက်နေဖို့ဆိုတာက ပြီးပြည့်စုံအောင်လုပ်ဆောင်ရမယ့် လိုအပ်ချက်ပါ။

ကလပ်မှာက တင်းကျပ်တဲ့စည်းမျဉ်းစည်းကမ်းတွေချမှတ်ထားပြီး လိုက်နာဖို့လိုအပ်သလို အာဂုံလည်းဆောင်ထားကြတယ်။

“အခြားကားမောင်းသူများကိုဖြစ်စေ၊ အဖွဲ့ဝင်ယာဉ်မောင်းများကိုဖြစ်စေ၊ ဘေးမှရပ်ကြည့်သူများကိုဖြစ်စေ အန္တရာယ်မဖြစ်စေရ။” ဆိုတဲ့စည်းမျဉ်းမျိုးကို သံပြိုင်ရွတ်ဆိုထားကြရတာပါ။

သန်းခေါင်ယံကလပ်ဟာ တရားဥပဒေဘောင်အပြင်ဘက်က ဂိုဏ်းဖြစ်ပေမဲ့လည်း လမ်းသွားလမ်းလာတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို သူတို့ရင်ဆိုင်ရမယ့် ဘေးအန္တရာယ်ထက် ပိုပြီးအလေးထားကြသူတွေအဖြစ် မှတ်ယူနိုင်ပါတယ်။

အများပြည်သူသုံးလမ်းတွေမှာ အမြင့်ဆုံးအလျင်နဲ့မောင်းနှင်ဖို့အတွက် ကားမောင်းစွမ်းရည်က အင်မတိအင်မတန် ကျွမ်းကျင်နေရမှာပါ။ သန်းခေါင်ယံကလပ် အဖွဲ့ဝင်ဖြစ်ဖို့အတွက် အလားအလာရှိတဲ့ ကားမောင်းသူ ဆယ်ဦးရှိတယ်ဆိုရင် တစ်ဦးလောက်ပဲ အရည်အချင်းပြည့်မီကြောင်း အသိမှတ်ပြုလက်သင့်ခံခြင်း ခံကြရပါတယ်။ လမ်းမတွေပေါ်က အခြားယာဉ်မောင်းတွေ၊ လမ်းသွားလမ်းလာတွေနဲ့ ဂိုဏ်းရဲ့အဖွဲ့ဝင်တွေကို တစ်စုံတစ်ရာ အန္တရာယ်ဖြစ်စေခဲ့သူဆိုရင်တော့ ဘယ်သူမဆို အဖွဲ့ဝင်အဖြစ်ကနေ ချက်ခြင်းအထုတ်ခံရမှာပါ။

အဖွဲ့ဝင်တွေကို Hashiriya လိုခေါ်ဆိုကြပြီး အဓိပ္ပါယ်ကတော့ street racer ဖြစ်ပါတယ်။ Hashiriya အရေအတွက်ကိုတော့ ဘယ်သူမှတိတိကျကျမသိကြပေမဲ့ အယောက် ၃၀ ဝန်းကျင်ရှိလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ပြိုင်ကားမောင်းသူတွေရဲ့ အစည်းအဝေးကိုတော့ တိုကျိုနဲ့ ယိုကိုဟားမား ‘ကြား’ လမ်းတစ်နေရာမှာ ညဉ့်သန်းခေါင်ယံအချိန် ကျင်းပလေ့ရှိပါတယ်။

အခြားပြိုင်ကားဂိုဏ်းတွေက drift ဆွဲတာတွေ၊ တစ်နေရာကနေ တစ်နေရာကို အရင်ရောက်သူအနိုင် ပြိုင်ပွဲတွေနဲ့ ယှဉ်ပြိုင်နေချိန်မှာ သန်းခေါင်ယံကလပ်တွေရဲ့ ယှဉ်ပြိုင်မှုက တစ်ခုတည်းပါပဲ။ အမြင့်ဆုံးမြန်နှုန်း တစ်ခုတည်းကိုပဲ ယှဉ်ပြိုင်ကြတာပါ။ သူတို့ရဲ့ ကားပြိုင်ပွဲက ရပ်နေတဲ့အနေအထားကနေ စတင်တာမဟုတ်ပါဘူး။ တစ်နာရီကို အနိမ့်ဆုံး ၇၅ မိုင်နှုန်းမောင်းနှင်နေကြတဲ့အချိန် ပြိုင်ပွဲဝင်ကားတစ်စီးရဲ့ ဟွန်းသံကနေ ပြိုင်ပွဲကို စတင်လေ့ရှိကြတာပါ။ ပြိုင်ပွဲအပြီးမှာတော့ ပြိုင်ပွဲဝင်တွေဟာ တွေ့ဆုံပြီး ပြိုင်ပွဲအကြောင်းအသေးစိတ် ဆွေးနွေးကြလေ့ရှိပါတယ်။

အနိုင်ရရှိသူဟာ တစ်ယောက်တည်းပဲရှိပြီး ကျန်အားလုံးဟာ ရှုံးနိမ့်ကြသူတွေအဖြစ် သတ်မှတ်လေ့ရှိကြတယ်။ သန်းခေါင်ယံကလပ်ရဲ့ အမည်မဖေါ်ပြလိုတဲ့ ဖွဲ့ဝင်တစ်ဦးကတော့

“Drift ဆွဲတာတွေ၊ Autocross တစ်စီးချင်းစီမောင်းပြီး အချိန်နဲ့ဆုံးဖြတ်တာတွေကို အားနည်းသူတွေပဲ လုပ်ကြတာပါ။ ငါတို့ကတော့ အမြင့်ဆုံးအလျင် အတွက်ပဲမောင်းကြတယ်။” ဆိုခဲ့ပါတယ်။

တိုကျိုလိုမျိုးနေရာမှာ ဒီလိုမောင်းနေကြတဲ့သူတွေကို မဖမ်းနိုင်ကြဘူးလားဆိုတဲ့မေးခွန်းအတွက်ကိုတော့ သန်းခေါင်ယံကလပ်အဖွဲ့သားတွေရဲ့ မယုံကြည်နိုင်လောက်စရာ မောင်းနှင်နိုင်စွမ်းကြောင့်လို့ဆိုနိုင်ပါတယ်။ အဲဒီအချိန်တွေတုန်းက ရဲကားတွေဟာလည်း အခြားကားတွေလိုပဲ မြန်နှုန်းကို ကန့်သတ်ထားကြတာလေ။ သန်းခေါင်ယံကလပ်က ကားမောင်းပြိုင်တဲ့သူတွေကို ရဲတွေက တွေ့ပဲတွေ့ဖူးကြပါတယ်။ ဘယ်သူမှ မီအောင်မလိုက်နိုင်သလို၊ မိအောင်လည်း မဖမ်းနိုင်ခဲ့ကြပါဘူး။

သန်းခေါင်ယံကလပ်အဖွဲ့ဝင်တွေဟာ အချင်းချင်း bumper ပေါ်က “Mid Night Car Special” ဆိုတဲ့ကပ်ထားတဲ့ စတစ်ကာအရသာ ဘယ်သူက ဘယ်သူဆိုတာ သိနိုင်ကြတာပါ။ ပုံမှန်အားဖြင့်တော့ ကလပ်က ကားတိုင်းလိုလိုဟာ နံဘေး skirt မှာ “Mid Night Racing Team” ဆိုပြီး စတစ်ကာကပ်ထားလေ့ရှိကြပါတယ်။

ကလပ်မှာက အဖွဲ့ဝင်အချင်းချင်း ပုဂ္ဂိုလ်ရေးရာအချက်အလက်တွေ ထုတ်ဖေါ်မှုမလုပ်ဖို့လည်း တားမြစ်ထားပါတယ်။ ဘယ်သူကမှ လူလုံးထွက်မပြကြပါဘူး။ သန်းခေါင်ယံကလပ်အဖွဲ့ဝင်ဖြစ်သူဟာ ဘယ်သူဆိုတာ သိတာဆိုလို့ အားလုံးအတွက် နှစ်ယောက်သာရှိပါတယ်။ ၁၉၉၅ ခုနှစ်က Max Power ကရေးသားလိုက်တဲ့ သန်းခေါင်ယံကလပ် အကြောင်းဆောင်းပါးအတွက် အဖွဲ့သားနှစ်ဦးက အကူအညီပေးခဲ့ကြလို့သာပါ။ ဒါတောင်မှ တစ်ဦးကတော့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး နောက်တစ်ဦးကတော့ ကားကုန်သည်တစ်ယောက်ဖြစ်တယ် ဆိုတာလောက်ပဲသိကြပါတယ်။

သန်းခေါင်းကလပ်ရဲ့ ဂိုဏ်းသားတွေဟာ ဘယ်လိုပဲလျှို့ဝှက်နေပါစေ၊ သူတို့ရဲ့အထောက်အထားတွေကို ဘယ်လောက်ပဲဖုံးကွယ်ထားကြပါစေ လူပြောသူပြောများနေတာကတော့ ယနေ့ဂျပန်နိုင်ငံမှာ အလှည့်အပြောင်းဖြစ်စေတဲ့ ထိပ်တန်းကုမ္ပဏီအများစုရဲ့ တည်ထောင်သူများဟာ သန်းခေါင်ယံကလပ်ရဲ့ အဖွဲ့သားတွေဖြစ်ခဲ့ကြတယ် ဆိုတာပါပဲ။

သန်းခေါင်ယံကလပ်ရဲ့ နာမည်ဆိုးနဲ့ကျော်ကြားမှုကို အခွင့်ကောင်းယူပြီး ကလပ်ရဲ့စတေကာနဲ့ ခပ်ဆင်ဆင်တူအောင်လုပ်ပြီး အသုံးပြုကြတဲ့ဂိုဏ်းပြင်ပကသူတွေအတွက် ချမှတ်ထားတဲ့ပြစ်ဒဏ်တွေရှိနေခဲ့ပြန်ပါတယ်။ အဲဒီလိုမျိုးတွေတွေ့ရင် အမိန့်မရကားမောင်းပြိုင်ကြသူတွေဟာ အတုလုပ်သူတွေကို အနှောင့်အယှက်ပေးတာတွေ၊ အနာတရဖြစ်အောင်လုပ်တာတွေနဲ့ သူတို့ရဲ့ကားတွေကိုဖျက်ဆီးတာမျိုးတွေလုပ်ဆောင်လေ့ရှိတာပါ။ သန်းခေါင်ယံကလပ်ရဲ့ အအောင်မြင်ဆုံးအချိန်တွေမှာဆိုရင် ကလပ်အဖွဲ့ဝင်မဟုတ်ဘဲ ကလပ်ရဲ့စတေကာကိုကပ်ထားလို့ဆိုပြီး အဖျက်အဆီးခံရတဲ့ ကားပေါင်းများစွာရှိတယ်လို့ သတင်းပေးပို့မှုများရှိခဲ့ပါတယ်။

ကလပ်ဟာ အစည်းအဝေးတွေကို လျှို့လျှို့ဝှက်ဝှက်ကျင်းပလေ့ရှိသလို အစည်းအဝေးကျင်းပဖို့ ချိန်းချက်မှုတွေကိုလည်း ဝှက်စာတွေနဲ့ ကြေညာလေ့ရှိပါတယ်။ အင်တာနက်မပေါ်ခင်ကာလဖြစ်တဲ့အလျောက် တိုကျိုသတင်းစာတွေရဲ့ classifieds ကဏ္ဍမှာ သူတို့အချင်းချင်းပဲသိတဲ့ ကြော်ငြာမျိုးတွေထည့်သွင်းရင်းနဲ့ အချိန်းအချက်တွေပြုလုပ်ကြတာပါ။ နေရာနဲ့အချိန်တွေကို အခြားကြော်ငြာတွေအသွင် ထည့်သွင်းရင်းနဲ့ပေါ့။ ဥပမာ ဘယ်နေရာ ဘယ်အချိန်မှာ ဘာလက်ကိုင်အိတ်တွေကို ဈေးချနေပြီဆိုတဲ့ ကြော်ငြာမျိုးတွေထည့်သွင်းကြတာပါ။

သန်းခေါင်ယံကလပ်အဖွဲ့သားတွေဘယ်လိုကားတွေ အသုံးပြုကြသလဲ။ စိတ်ဝင်စားစရာပါ။ Mazda RX-7 ၊ Toyota Supra နဲ့ R32 Skyline GT-R တွေကတော့ အမြဲတမ်းအဖွဲ့ဝင်တွေလို့တောင်ပြောလို့ရပါတယ်။ ဒါပေမဲ့ သန်းခေါင်ယံကလပ်ရဲ့ အကျော်ကြားဆုံးကားကတော့ မြင့်မြင့်မားမားထပ်မံအဆင့်မြှင့်တင်ထားတဲ့ Porsche 911 Turbo ဖြစ်ပါတယ်။ ချစ်စနိုးအနေနဲ့ “Blackbird” လိုခေါ်ကြတဲ့ ကားလေးပါ။

Blackbird ကတော့ အဖွဲ့ဝင်တွေအကြား အမြန်ဆုံးကားတစ်စီးဖြစ်ခဲ့ပြီး သန်းခေါင်ယံကလပ်ရဲ့ အမည်မသိ ခေါင်းဆောင်ရဲ့ကားပါ။ ခေါင်းဆောင်ဖြစ်သူဟာ ဆေးကျောင်းဆင်းတစ်ယောက်လို့ အများကဆိုကြပါတယ်။ Blackbird နဲ့ ခေါင်းဆောင်အကြောင်းနောက်ထပ် လူပြောများတာကတော့ ဒေါ်လာ ၂ သန်းကျော်လောက်အကုအကျခံပြီး အဲဒီ 911 ကို ထပ်မံအဆင့်မြှင့်တင်ထားတယ်ဆိုတာပါ။

Blackbird ကတော့ Auto Garage TBK bodykit တပ်ဆင်ထားတယ်။ 3.6-litre turbocharged flat-six အင်ဂျင်နဲ့ဖြစ်ပြီး အများဆုံးပါဝါထုတ်လွှတ်မှုအနေနဲ့ 700bhp လောက်အထိရှိတယ်လို့ဆိုပါတယ်။ အမြင့်ဆုံးမြန်နှုန်းအနေနဲ့ တစ်နာရီကို ၂၁၇ မိုင်နှုန်းအထိမောင်းနှင်နိုင်တဲ့ Blackbird ဟာ အဲဒီအရှိန်နှုန်းနဲ့ တစ်ကြိမ်ကို ၁၅ မိနစ်ကျော် ကြာတဲ့အထိမောင်းနှင်ခဲ့ဖူးပါတယ်။ ဆက်စပ်စဉ်းစားကြည့်မယ်ဆိုရင် Bugatti Chiron ဟာယနေ့ခေတ်ရဲ့ hypercar ဖြစ်ပြီး ပြုပြင်မွမ်းမံထားတဲ့ Chiron တစ်စီးဟာ တစ်နာရီကို ၂၆၁ မိုင်နှုန်းအထိ အမြန်ဆုံးမောင်းလို့ရပါတယ်။ ဒါပေမဲ့ ၉ မိနစ်လောက်သာ အဲဒီနှုန်းနဲ့ မောင်းလို့ရတာပါ။ ကိုးမိနစ်လောက်ဆိုရင် တိုင်ကီထဲက ဆီတွေဟာကုန်သွားမှာ ဖြစ်သလို တာယာတွေဟာလည်း ပွင့်ထွက်လုနီးနီးဖြစ်နေပါပြီ။

စဉ်းစားကြည့်ပါ။ သန်းခေါင်ယံကလပ်က ကားအများစုဟာ အဖွဲ့ဝင်တွေရဲ့ အစွမ်းအစသက်သက်နဲ့ပဲ မရှိမဖြစ် အဆင့်မြှင့်တင်ထားတာပါ။ သူတို့ရဲ့အဆင့်မြှင့်တင်မှုဟာ ယုံကြည်ကိုးစားလောက်စရာရှိသလို မယုံနိုင်လောက်အောင်လည်း စွမ်းဆောင်ရည်မြင့်မားကြပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကဖြစ်ပေမဲ့ ဒီကနေ့ Supercars တွေ၊ Hypercars တွေကို သူမသာကိုယ်မသာယှဉ်ပြိုင်နိုင်စွမ်းရှိခဲ့တယ်ဆိုတာဟာ တကယ့်ကိုအံ့ချီးဖွယ်ရာပါပဲ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက သန်းခေါင်ယံကလပ် အဖွဲ့သားတွေရဲ့ကားပါဝါက အများဆုံးထုတ်လွှတ်မှုအနေနဲ့ 400 ကနေ 600bhp အကြား ပျမ်းမျှရှိနေခဲ့ကြတာပါ။

သန်းခေါင်ယံကလပ်သားတွေရဲ့ မှတ်သားထိုက်ဖွယ်ရာ စက်မှုပိုင်းကျွမ်းကျင်မှုတွေနဲ့ အဆင့်လွန် အင်ဂျင်နီယာပိုင်းစွမ်းဆောင်ရည်တွေဟာ ကမ္ဘာအနှံ့က မြန်နှုန်းမြင့်ကားချစ်သူတွေရဲ့ ချစ်ခင်လေးစားမှုကိုရရှိခဲ့တဲ့အပြင်ကိုမှ ဂျပန်ပြည်တွင်းဖြစ်တွေရဲ့ စွမ်းဆောင်ရည်အဆင့် အလွန်မြင့်မားမှုကိုလည်း တစ်နည်းတဖုံ ကြော်ငြာနေသလို ဖြစ်နေတော့တာပါပဲ။ ဒါ့အပြင်ကိုမှ ကနေ့လူကြိုက်များလှတဲ့ ဂျပန် Manga စာအုပ်တွေ၊ Anime ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာလည်း သန်းခေါင်ယံကလပ်ရဲ့ သြဇာသက်ရောက်မှုအပိုင်းတွေရှိနေတယ်ဆိုတာ သိတဲ့သူတွေ သိကြပါလိမ့်မယ်။ “Midnight Club” ဆိုတဲ့ ဗီဒီယိုဂိမ်းကတော့ ကလပ်အဖွဲ့သားတွေကို ဂါရဝပြုထားခြင်းပါပဲ။

“တစ်စုံတစ်ခုကို စတင်ခြင်းမည်သည် တစ်ချိန်ချိန်မှာ အဆုံးသတ်ရန်အတွက်သာ” ဆိုတဲ့ နိယာမအတိုင်းပါပဲ။ စွမ်းဆောင်ရည်မြင့်တဲ့၊ စည်းကမ်းကြီးတဲ့ ညဉ့်အမှောင်လူစွမ်းကောင်းအဖွဲ့အတွက် နေဝင်ချိန်ဆိုတာရှိလာခဲ့ပါတယ်။ တစ်ခုတော့ရှိတယ်။ အဲဒီနေဝင်ချိန်ဟာ ဂုဏ်သိက္ခာအပြည့်နဲ့ နေဝင်ချိန်ဖြစ်ခဲ့ပါတယ်။

သန်းခေါင်ယံကလပ်ကို ၁၉၉၉ ခုနှစ်မှာ တရားဝင်ဖျက်သိမ်းခဲ့ကြပါတယ်။ သာမန်ကားမောင်းသူ ၆ ယောက်ကို အရေးပေါ်ရောက်သွားစေတဲ့အထိ ဖြစ်စေခဲ့တဲ့ ယာဉ်တိုက်မှုအပြီးမှာပါ။ အဲဒီယာဉ်တိုက်မှုဖြစ်စဉ်ရဲ့အစကတော့ အမေရိကန် မော်တော်ဆိုင်ကယ်ကလပ်တွေကို အတုယူထားတဲ့ ဥပဒေပြင်ပ ဆိုင်ကယ်အဖွဲ့တစ်ခုဖြစ်တဲ့ Tokyo Bōsōzoku ဂိုဏ်းနဲ့ပတ်သက်ပါတယ်။ ဒီဆိုင်ကယ်အဖွဲ့ကတော့ လမ်းတွေပေါ်က သာမန်မော်တော်ကားမောင်းသူတွေကို ကြောင့်လန့်စေအောင်လို့ ရည်ရွယ်ချက်ရှိရှိနဲ့ စတန့်ထွင်စီးတာမျိုးတွေလုပ်ဆောင်လေ့ရှိတာပါ။ သူတို့က သန်းခေါင်ယံကလပ်ကို ကြိုးစားနှောင့်ယှက်ဖို့အတွက် ဆုံးဖြတ်ခဲ့ကြပါတယ်။

အဲဒီနေ့...

သန်းခေါင်ယံကလပ်ရဲ့ နောက်ဆုံးပြိုင်ပွဲလို့ ဘယ်အဖွဲ့ဝင်မှထင်မှတ် မထားတဲ့နေ့...

Bōsōzoku တွေစောင့်နေတဲ့နေ့...

အဲဒီနေ့မှာ သန်းခေါင်ယံကလပ်အဖွဲ့သားတွေ ထုံးစံအတိုင်း အမြန်လမ်းပေါ် ပြင်းရှတဲ့အဟုန်နဲ့ မောင်းလာခဲ့ကြတယ်။ သူတို့ကိုစောင့်ဆိုင်းနေတဲ့ ဆိုင်ကယ်သမားတွေဟာ ကားမောင်းသူတွေကို ကားကျပ်တဲ့ဇုံတွေဆီကို ရောက်သွားအောင် ဖိအားပေးကြတယ်။ အရှိန်အဟုန်အပြည့်နဲ့ မမောင်းနိုင်အောင်လို့ ဟိုက၊ ဒီက ဖြတ်ဝင်နှောင့်ယှက်မှုတွေလုပ်ခဲ့ကြတယ်။ Bōsōzoku ဆိုင်ကယ်သမားတစ်ယောက်ရဲ့ ကြားထဲဖြတ်ဝင် ဝင်နှောင့်မှုတစ်ခုဟာ ကြီးမားတဲ့ ကားတွေဆက်တိုက် တိုက်မှုကြီးဖြစ်ပွားစေဖို့ ဇာတ်ရှိန်ကို အမြင့်ဆုံးအထိ တွန်းတင်ခဲ့ပါတော့တယ်။

ရလဒ်ကတော့ ဆိုင်ကယ်သမား နှစ်ယောက်သေဆုံးခဲ့ပြီး သန်းခေါင်ယံကလပ်အဖွဲ့ဝင်နှစ်ဦးနဲ့ သာမန်ကားမောင်းသူ ၆ ဦးဆေးရုံရောက်သွားခဲ့ရတယ်။ ဒါဟာ သန်းခေါင်ယံကလပ်ရဲ့ အဆုံးသတ်နေ့ရက်ဖြစ်စေခဲ့တော့တာပါပဲ။

သန်းခေါင်ယံကလပ်သားတွေ အာဂုံဆောင်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ အပြစ်မဲ့ ယာဉ်မောင်းသူတွေကို ထိခိုက်စေခြင်းဟာ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်စေခဲ့တယ်။ ဒါကြောင့် ဂိုဏ်းကို ချက်ခြင်း ခြွင်းချက်မဲ့ဖျက်သိမ်းခဲ့ကြတယ်။ တိုကျို အာဏာပိုင်တွေအတွက် သန်းခေါင်ယံကလပ်အဖွဲ့သားတွေဟာ နှစ်ပေါင်းများစွာအကြီးအကျယ် ခေါင်းကိုက်စေခဲ့တာတောင်မှ အဖွဲ့သားတွေရဲ့ အကျင့်သိက္ခာနဲ့ ပြီးဆုံးခဲ့တဲ့အဖြစ်ဆိုးအပေါ် ခိုင်မာစွာတာဝန်ခံယူခြင်းတွေဟာ မြင့်မြင့်မားမားအလေးထားစရာ ဖြစ်ခဲ့ရပါတယ်။

မျက်နှာဖုံးတွေအောက်က ကျော်ကြားလှတဲ့အဖွဲ့ဝင်တွေအားလုံးဟာ အပြီးအစီး လူစုခွဲလိုက်ပြီး သန်းခေါင်ယံကလပ်အကြောင်းကို တစ်စွန်းတစ်စမှ ပြန်လည်ထုတ်ဖေါ်ခြင်းမရှိ ကင်းရှင်းအောင်နေခဲ့ကြတယ်။ အဖွဲ့ဝင်တွေထံကနေ ကားမောင်းပြိုင်ပွဲအကြောင်း၊ သန်းခေါင်ယံကလပ်အကြောင်းဟာ တစ်စွန်းတစ်စမှထွက်ပေါ်လာခြင်းမရှိတော့သလို ဘယ်လိုအခြေအနေမျိုးဖြစ်ပါစေ ပေါ်ထွက်လာစရာ အကြောင်းလည်းလုံးဝမရှိတော့ပါဘူး။ ဒါပေမဲ့ သန်းခေါင်ယံကလပ်ရဲ့ အမွေဆက်ခံကြသူတွေ ဒါမှမဟုတ် အမြင့်ဆုံးမြန်နှုန်းတစ်ခုတည်းအပေါ်မှာပဲ ရမ္မက်ပြင်းပြသူတွေကတော့ ကမ္ဘာအနှံ့ ရှင်သန်လျက်ရှိပါတယ်။ ဘယ်လိုပဲပြော ကြပါစေ၊ Hashiriya လို့ခေါ်ကြတဲ့ မူရင်းပြိုင်ကားမောင်းသူတွေကတော့ အမြင့်ဆုံးအောင်မြင်ကျော်ကြားမှုတွေရဲ့နောက်မှာ အမည်ဖေါ်ထုတ်ခြင်းအလျင်းမရှိ ဆက်လက်တည်ရှိနေပါလိမ့်မယ်။ ပြင်းရှလှတဲ့ရမ္မက်တွေကို လျှို့ဝှက်စွာထိမ်းသိမ်းရင်း လက်ကျန်ဘဝကို ဖြတ်သန်းလျက်ရှိကြတယ်။ အဆုံးအစမရှိ “အမြင့်ဆုံးအလျင်” ဆိုတာကိုညွှန်းဆိုရင်းနဲ့ပါ။

Ref: MIDNIGHT CLUB: INSIDE JAPAN’S MOST INFAMOUS ILLEGAL STREET RACING GANG by Car KEYS

Author

Comments