အဆိုတော်တစ်ယောက်ရဲ့ဘဝထဲက ကားများ - John Newman

0

Full article

(John Newman ဟာ ဗြိတိန်အဆိုတော်နဲ့ တေးရေးဆရာဖြစ်ပြီး ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ သူ့ရဲ့ Love Me Again သီချင်းဟာ နံပါတ်တစ်လူကြိုက်အများဆုံးသီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ယခုအသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ John Newman ဟာ မော်တော်ကားတွေနဲ့ပတ်သက်ပြီး အရူးအမူးဝါသနာထုံသူဖြစ်သလို ကားပြိုင်ပွဲတွေနဲ့လည်း ရင်းနှီးတဲ့အနုပညာရှင်တစ်ဦးဖြစ်နေပါတယ်)

အသက် ၆ နှစ်လောက်ကတည်းက မော်တော်ကားတွေအပေါ် အရမ်းရူးသွပ်ခဲ့တာဗျ။ ကျွန်တော်ငယ်ငယ်တုန်းက သူငယ်ချင်းတစ်ယောက်နဲ့ပတ်သက်ပြီး ကားတွေနဲ့ပိုရင်းနှီးခဲ့တာပါ။ အဲဒီသူငယ်ချင်းက သူ့အဖေဆုံးတော့ အုပ်ထိန်းသူအသစ်နဲ့နေရတယ်။ အဲဒီအုပ်ထိန်းသူက လမ်းအဆုံးမှာ သံတိုသံစတွေ အရောင်းအဝယ်လုပ်တယ်လေ။ ဒီတော့ စုတ်ပြတ်နေတဲ့ကားအပျက်တွေနဲ့ နှိုတ်ချွတ်ပြုပြင်ဖို့ နေရာတွေဆိုတာ မလိုချင်မှအဆုံးပဲဗျာ…။ ကျွန်တော်တို့ ပထမဆုံးရွေးထုတ်လိုက်တဲ့ကားက လမ်းပေါ်မှာတောင် စီးခွင့်မရှိတော့တဲ့အခြေအနေ …။ ဒါကြီးကို ဆေးတွေကြောင်ကြောင်ကြားကြားလျှောက်သုတ်လိုက်ပြီး လယ်ကွင်းထဲမှာ ကမြင်းကြောထကြတာပေါ့။
ကျွန်တော့်အိမ်က အခန်းကျဉ်းလေးထဲမှာလည်း မော်တော်ကားပုံကြမ်းတွေဆွဲလေ့ရှိသလို ပစ္စည်းအတိုအစတွေလည်း လျှောက်ဆက်ခဲ့ဖူးတယ်။ ဒါကြောင့်ပဲ အသက် ၈ နှစ်ပြည့်မွေးနေ့အတွက် အမေက ဂဟေဆော်တဲ့ပစ္စည်းလေးဝယ်ပေးတယ်လေ။ ကျွန်တော့်ကျောင်းက ရီပို့ဒ်စာရွက်ကို ဖတ်ကြည့်တော့ မေးခွန်းတစ်ခုတွေ့တယ်။ “လာမယ့် ၁၀ နှစ်မှာ ဘာဖြစ်ချင်သလဲ” တဲ့။ “ကိုယ်ပိုင်ကားဝပ်ရှော့ရုံ ဖွင့်ချင်တယ်” လို့ ဖြေလိုက်တယ်။
ကျွန်တော့်မှာ Honda CR80 အမျိုးအစားဆိုင်ကယ်လေးတစ်စီးလည်း ရှိတယ်ဗျ။ အသက် ၁၆ နှစ်ရောက်တော့ ဒါလေးနဲ့ ရှေ့ဘီးထောင်လိုက်၊ စတန့်တွေလုပ်လိုက်နဲ့ အစွမ်းပြလိုက်တာ ရဲဖမ်းခံရပါရောလား…။ မှတ်လောက်သားလောက်ရှိအောင်ဆိုပြီး ကျွန်တော့်လိုင်စင်မှာ ပြစ်ချက် ၆ ချက်အထိ ထည့်ပစ်လိုက်ကြတယ်လေ။
နောက်တော့ ကျွန်တော် လိဒ်စ်မြို့ကို ပြောင်းလာခဲ့တယ်။ ကားတွေနဲ့လည်း ခဏအဆက်ပြတ်သွားတာပေါ့ဗျာ။ ကျွန်တော့်ဇာတိကနေ ပြောင်းသွားပြီးပြီးချင်းမှာပဲ အရင်းနှီးဆုံးသူငယ်ချင်း ၂ ယောက်ကလည်း အက်ဆီးဒန့်တစ်ခုကြောင့် သေသွားကြတာကိုး။ ကျွန်တော့်အနေနဲ့လည်း ကားမောင်းလိုင်စင်က မရနိုင်သေးတော့ ကားလည်း မောင်းလို့မရဘူးပေါ့ဗျာ။ ဒါနဲ့ပဲ ဂီတဖန်တီးမှုဘက်ကိုပဲ အာရုံစိုက်ခဲ့ရတာပေါ့။
ဒါပေမဲ့ မကြာပါဘူး … အသက် ၂၂ နှစ်မရောက်ခင်မှာပဲ ကားမောင်းချင်တဲ့စိတ်တွေ တဖြည်းဖြည်းနဲ့ပြင်းထန်လာပြန်တယ်။ နောက်ဆုံးတော့ လိုင်စင်ကို အောင် အောင်ဖြေလိုက်နိုင်ခဲ့တယ်လေ။ အဲဒီအချိန်မှာ ကျွန်တော့်သီချင်းအယ်လ်ဘမ်တစ်ချပ်တောင် ထွက်ပြီးနေပြီ။ ဗြိတိန်အဆိုတော်စာရင်းမှာ အရောင်းရဆုံးနံပါတ်တစ်နေရာကိုတောင် ၃ ခါလောက်ရောက်ပြီးသွားပြီ။ ဒါနဲ့ ကျွန်တော်လည်း Mercedes E63 AMG အမျိုးအစားကားတစ်စီးဝယ်လိုက်တယ်။ တော်တော်လေးလန်းပါတယ်။ ကျွန်တော် ပထမဆုံးပိုင်ဆိုင်တဲ့ကားလေးပေါ့။
ကားနဲ့ပတ်သက်ပြီး ပြောင်းလဲချိန်တန်ပြီလို့ ဆုံးဖြတ်လိုက်ချိန်မှာတော့ BMW M6 တစ်စီး ပြောင်းဝယ်လိုက်တယ်။ မိုက်တယ်ဗျ။ ဒါပေမဲ့ Mercedes ထက်ပိုပြီး တစ်စုံတစ်ရာထူးခြားတယ်လို့တော့ မခံစားရဘူး။
BMW M6 လည်း ဝယ်ပြီးရော …တခြားကားတွေကို ထပ်ပြီးဝယ်ယူစုဆောင်းတော့တာပဲ။ ပထမဆုံးအနေနဲ့ AC Cobra စတိုင် ကာတွန်းရုပ်ကားလေးတစ်စီးဝယ်တယ်။ ဒီကားလေး ခုထိရှိသေးတယ်ဗျ။ ကိုယ်ထည်လေးက လှသလို Corvette အင်ဂျင်သုံးထားတာကြောင့် တော်တော်မိုက်ပါတယ်။ ဒါပေမဲ့ ဂိုထောင်ထဲထည့်ပြီး တသသနဲ့ အလှပြထားရမယ့်ကားမျိုးလို့ သတ်မှတ်ထားကြတယ်။ ဒီကားကို တစ်ခါယူမောင်းလိုက်တာ အင်ဂျင်ဝင်ရိုးတိုင်ကြီးပြုတ်ကျပါရောလား ...။ ခုတော့လည်း တစ်စီးလုံး အစားထိုးတန်တာထိုးနဲ့ သေချာပြင်ဆင်ပြီးသွားပါပြီလေ။ ကျွန်တော်က ကားတွေကို ဂိုထောင်ထဲမှာထားပြီး အလှကြည့်နေမယ့်လူစားမျိုးမဟုတ်ဘူးဗျ။ အဲဒီအချိန်လောက်မှာပဲ Ferrari California T အမျိုးအစားကားတစ်စီးကိုလည်း ပိုင်ခဲ့သေးတယ်။ Ferrari ကုမ္ပဏီရဲ့ ဖိတ်ကြားချက်ကြောင့် အီတလီက မာရာနယ်လိုမြို့လေးဆီတောင် ရောက်ခဲ့သေးတယ်။ Ferrari ဆိုတာက ကျွန်တော်ကလေးဘဝကတည်းက ပိုင်ဆိုင်ခွင့်ရဖို့ အိပ်မက်မက်ခဲ့တဲ့ကားလေ။ အပြန်ကျတော့ အဲဒီ Ferrari ကားလေးမောင်းပြီး အိမ်ပြန်ခဲ့တာပဲ။ ပြီးတော့ ကျွန်တော် နေထိုင်ကြီးပြင်းခဲ့တဲ့အိမ်လေးရဲ့ဘေးမှာ ရပ်ထားလိုက်တယ်လေ။ သိပ်ကိုလှပတဲ့အခိုက်အတန့်လေးပါပဲဗျာ။
အခုတော့ Ferrari California ကို Ferrari Portofino နဲ့ လဲစီးလိုက်ပြီ။ California က စက်ပိုင်းမှာ ပြဿနာနည်းနည်းရှိတယ်ဗျ။ ခြောက်ပြစ်ကင်းနေတာမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ။ Portofino ကတော့ တကယ့်ကို လုံးဝစိတ်ချမှန်ကန်တဲ့ Ferrari တစ်စီးလို့ စိတ်ထဲမှာခံစားရတယ်လေ။
ကားမောင်းတာကြာလို့ အိတ်ဇောသံကျယ်ကျယ်တွေ၊ စက်သံကျယ်ကျယ်တွေကို ငြီးငွေ့လာတဲ့အခါမျိုးမှာတော့ အပြောင်းအလဲဖြစ်အောင် Jaguar XJL ကို စီးဖြစ်တယ်။ ဒီကားက BMW M6 နဲ့ လဲထားလိုက်တာလေ။ နေ့စဉ်သုံးဖို့ရည်ရွယ်ချက်နဲ့ပေါ့။ သိပ်မကြာပါဘူး။ အဲဒီ Jaguar ကိုလည်း V8 အင်ဂျင်တပ်ထားတဲ့ Range Rover Sport အမျိုးအစားနဲ့ ထပ်လဲလိုက်တယ်။ ဒီတစ်စီးကလည်း တော်တော်မိုက်ပါတယ်။
အဲ … ကျွန်တော့်အကြိုက်ဆုံး Favourite ကားကတော့ လက်ရှိသုံးနေတဲ့ လမ်းကြမ်းမောင်းပြိုင်ကားပဲဗျ။ DJ Sigala နဲ့အတူ သီချင်းတစ်ပုဒ်ဖန်တီးရာကစပြီး ကျွန်တော်လည်း လမ်းကြမ်းမောင်းပြိုင်ပွဲတွေကို စိတ်ဝင်စားလာတော့တာပဲ။ သူနဲ့ ကျွန်တော် ၂ ယောက်စလုံးက လယ်ကွင်းတွေထဲမှာ ကားပတ်မောင်းရင်း ကြီးပြင်းခဲ့သူတွေကိုး …။ ကျွန်တော်ဆိုရင်လည်း ဆိုင်ကယ်တစ်စီးနဲ့ တောလမ်းတွေကို ဖြတ်မောင်းပြီး ပစ္စည်းတွေသယ်ခဲ့ရဖူးတယ်။ ဒါကြောင့် Sigala နဲ့အတူ ကားမောင်းပြိုင်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
တကယ်တမ်းလည်းပြိုင်ရော အဲဒီမှာ ငှားမောင်းရတဲ့ Ford Escort ပြိုင်ကားက အရမ်းအရမ်းကိုမြန်နေတယ်ဗျာ။ ဒါနဲ့ ကျွန်တော်လည်း Subaru Impreza တစ်စီးဝယ်၊ လိုအပ်တဲ့ပစ္စည်းတွေထပ်ထည့်ပြီး လမ်းကြမ်းမောင်းပြိုင်ကားအဖြစ် ပြောင်းပစ်လိုက်ရတယ်။ ခုကျတော့လည်း ဒီကားကိုတော်တော်လေးကြိုက်နေပြီလေ။ သစ်ပင်တွေကြားထဲမှာ အော်ဟစ်ကြုံးဝါးပြီး ပြေးလွှားလာတဲ့ကားတစ်စီးကို ထိန်းချုပ်မောင်းနှင်ရတာက ကမ္ဘာပေါ်မှာ အကောင်းဆုံးခံစားချက်တစ်ခုပါပဲ။
ကဲ … နောက်ဆုံးအနေနဲ့ ကျွန်တော့်ရဲ့ ငယ်ဘဝအိပ်မက်တွေထဲကို လွှမ်းမိုးခဲ့တဲ့ကား ၃ စီးအကြောင်း ပြောပြသွားပါမယ်။ ပထမဆုံးကားကတော့ Ford GT ပါ။ တကယ့်ကို အိပ်မက်ထဲက ကားပေါ့။ အရူးအမူးကိုလိုချင်နေတဲ့ကားဆိုလည်း မှန်ပါတယ်။ သူက သိပ်လှတာကိုး …။ နောက်တစ်စီးကတော့ Bugatti Chiron ပါ။ တကယ်ပါဗျာ… ကျွန်တော့်ဘဝမှာ Bugatti တစ်စီးလောက်တော့ မောင်းခွင့်ရချင်ပါသေးတယ်။ သူ့ရဲ့ Speed က ဘယ်လိုလဲဆိုတာကိုလည်း သိချင်နေမိတယ်။ နောက်ဆုံးတစ်စီးကတော့ Ford Capri Mk3 ပါ။ နောက်ဆုံးပေါ်အကောင်းစားကားတစ်စီးတော့မဟုတ်ဘူးပေါ့။ ဒါပေမဲ့ တော်တော်လန်းတဲ့ Muscle Car ဗျ။ ငယ်ငယ်က ကျွန်တော့်အမေဆီမှာ တစ်စီးရှိခဲ့ဖူးတယ်။

Ref : My life in cars: John Newman by TopGear

Author

Comments