Game of Thrones သရုပ်ဆောင်တွေ ပိုင်ဆိုင်တဲ့ကားများ

0

Full article

Game of Thrones ဆိုတာနဲ့ HBO ရုပ်သံလိုင်းရဲ့ နာမည်ကျော်ဇာတ်လမ်းတွဲတစ်ခုဆိုတာ အားလုံးသိကြပြီးသားဖြစ်မှာပါ။ ၂၀၁၁ ခုနှစ်က စပြီးထုတ်လွှင့်တဲ့ GOT ဇာတ်လမ်းတွဲဟာ ၂၀၁၇ ခုနှစ်အကုန်မှာ တစ်ကမ္ဘာလုံးမှာ လူကြိုက်အများဆုံးအက်ရှင်၊ ဒရာမာစီးရီးဖြစ်ခဲ့ပြီး ကြည့်ရှုသူသန်းပေါင်း ၃၀ ကျော်ရှိလာခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာပါဝင်တဲ့ အဓိကသရုပ်ဆောင် ၅ ဦးဟာဆိုရင်လည်း Episode တစ်ခုအတွက် သရုပ်ဆောင်ကြေးပေါင် ၂ သန်းအထိ ဝင်ငွေတိုးမြင့်လာခဲ့တယ်လို့ သိရပါတယ်။ Game of Thrones ဇာတ်ကားထဲမှာ သရုပ်ဆောင်တွေဟာ နဂါးကိုစီးနင်းကြပေမယ့် ပြင်ပဘဝမှာတော့ မော်တော်ကားကိုပဲ စီးနင်းရပါလိမ့်မယ်။ ဝင်ငွေကောင်းကြပေမယ့် သူတို့အားလုံးဟာ Lamborghini တွေ၊ Bentley ကားတွေချည်း စီးကြတာတော့မဟုတ်ပါဘူး။ ဘယ်သရုပ်ဆောင်က ဘယ်လိုကားတွေကို ရွေးချယ်ထားကြသလဲ။ တစ်ချက်လောက် စပ်စုကြည့်လိုက်ရအောင်ပါ။

(၁) ဂျော့ဖရေးရဲ့ ကား ၃ စီး

Game of Thrones ဇာတ်လမ်းတွဲမှာ ပရိသတ်အမုန်းဆုံးဇာတ်ကောင်တစ်ကောင်ကိုပြပါဆိုရင် ဂျော့ဖရေးဘုရင်ကိုပဲ ပြရပါလိမ့်မယ်။ ဒီလိုမုန်းအောင်လည်း ဂျော့ဖရေးအဖြစ် သရုပ်ဆောင်တဲ့မင်းသား Jack Gleeson ရဲ့ဗီလိန်ဇာတ်ရုပ်က ပီပြင်လွန်းခဲ့ပါတယ်။ သံပလ္လင်ပေါ်ကိုရောက်ချိန်မှာ မကောင်းဆိုးရွားတစ်ကောင်လို သောင်းကျန်းခဲ့ရာကနေ အဆိပ်မိပြီးသေဆုံးတဲ့အထိ ဂျော့ဖရေးတစ်ဖြစ်လဲ Jack Gleeson ဟာ ပရိသတ်ရဲ့မုန်းတီးမှုကိုအပြည့်ရရှိခဲ့သူပါ။ ဒါပေမဲ့ ပြင်ပဘဝမှာတော့ Gleeson ဟာ အားလုံးရဲ့ချစ်ခင်မှုကိုရရှိထားတဲ့ သဘောကောင်းတဲ့လူငယ်တစ်ယောက်ပါ။ သူဟာ ပညာရေးကို အာရုံစိုက်ဖို့ ရုပ်ရှင်ထပ်ရိုက်တော့မှာမဟုတ်ဘူးလို့လည်း ကြေညာထားပါတယ်။ Gleeson စီးတဲ့ကားတွေကတော့ Range Rover နဲ့ Audi A8 တို့ဖြစ်ကြပြီး Mercedes တစ်စီးလည်း ပိုင်ဆိုင်ထားပါသေးတယ်။

(၂) မစ်ဆန်ဒီရဲ့ Nissan ဆီဒင်ကားများ

Game of Thrones ကို ရုပ်ရှင်ရိုက်ကူးရာမှာ မူလစာအုပ်ထဲကနေ ကွဲပြားသွားစေတဲ့အဓိကအပြောင်းအလဲက မစ်ဆန်ဒီဇာတ်ကောင်ရဲ့ကာရိုက်တာပဲဖြစ်ပါတယ်။ မူလဝတ္ထုစာအုပ်ထဲမှာ နဂါးဘုရင်မ ဒနဲရစ်ရဲ့ လူယုံမလေး မစ်ဆန်ဒီဟာ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ဦးဖြစ်ပြီး ရုပ်ရှင်ထဲမှာတော့ အရွယ်ရောက်ပြီးချောမောလှပနေတဲ့ Nathalie Emmanuel ဖြစ်နေပါတယ်။ Nathalie Emmanuel ကို Fast & Furious 7 ဇာတ်ကားမှာလည်း ဟက်ကာမလေးရမ်ဆေးအဖြစ် တွေ့မြင်ခဲ့ရပါသေးတယ်။ တခြားသရုပ်ဆောင်တွေနဲ့မတူတဲ့အချက်က Emmanuel ဟာ ကားဝါသနာအိုးတစ်ယောက်မဟုတ်တာပါပဲ။ ရုပ်ရှင်လောကမှာ နာမည်မကြီးခင်ကဆိုရင် သူမဟာ Nissan Sentra နဲ့ Nissan Versa တို့လို ရိုးရှင်းတဲ့ဆီဒင်ကားတွေကိုပဲ အသုံးပြုလေ့ရှိတယ်လို့ သိရပါတယ်။

(၃) လစ်တဲဖင်းဂါးရဲ့ Volvo Amazon 121

Game of Thrones ဇာတ်လမ်းမှာ နောက်ထပ်အောင်မြင်မှုရခဲ့တဲ့ဗီလိန်ဇာတ်ရုပ်ကတော့ လစ်တဲဖင်းဂါး (ခေါ်) ပီတာဘဲလစ်ရှ် ပဲဖြစ်ပါတယ်။ ဘုရင့်မြေက အစိုးရကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ လစ်တဲဖင်းဂါးဟာ အာဏာကြီးထွားလာဖို့နဲ့ ကိုယ်ကျိုးအတွက် ကုန်းချောကုန်းတိုက်လေ့ရှိပြီး ဘယ်သူ့ကိုမဆို နောက်ကျောကို ဓါးနဲ့ထိုးဖို့ဝန်မလေးသူလည်း ဖြစ်ပါတယ်။ ပြင်ပလက်တွေ့ဘဝမှာတော့ လစ်တဲဖင်းဂါးအဖြစ် သရုပ်ဆောင်တဲ့ အိုင်ယာလန်သရုပ်ဆောင် Aidan Gillen ကို Volvo Amazon 121 ကားလေးနဲ့ တွေ့မြင်ရလေ့ရှိပါတယ်။ ဒါပေမဲ့ မင်းသားကြီး Gillen တကယ်တမ်းနှစ်သက်တဲ့ကားကတော့ Mercedes S-Class ဖြစ်ပါသတဲ့။

(၄)  ဂျွန်စနိုးရဲ့ Jaguar F-Type

စတာ့ခ်အိမ်တော်ရဲ့မျိုးမစစ်သားတစ်ယောက်ဟာ စစ်ပွဲကိုဦးဆောင်တဲ့ ဘုရင်တစ်ပါးဖြစ်လာလိမ့်မယ်လို့ ဘယ်ပရိသတ်ကထင်ခဲ့ကြမှာလဲ။ ဒါပေမဲ့ ဂျွန်စနိုးဟာ Game of Thrones ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ဖြစ်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ရရှိခဲ့ပါတယ်။ ဂျွန်စနိုးအဖြစ် သရုပ်ဆောင်တဲ့မင်းသား Kit Harington ဟာ GOT သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Rose Leslie နဲ့ပဲ လက်ထပ်ခဲ့ပြီး သူတို့ရဲ့အိမ်ထောင်ဦးမှာ Land Rover Defender 90 တစ်စီးဝယ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ Kit Harington မှာ Jaguar F-Type တစ်စီးရှိပြီးသားဖြစ်ပြီး မော်တော်ဆိုင်ကယ်တွေလည်းရှိထားပါတယ်။ GOT ဇာတ်လမ်းမှာ လက်ရှိသူ့ဇနီးဖြစ်နေတဲ့ Rose Leslie က ‘’နင် ဘာမှမသိပါဘူး ဂျွန်စနိုး’’ ဆိုတဲ့ ဒိုင်ယာလော့ခ်ဟာ ရေပန်းစားခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ ဂျွန်စနိုးဟာ ကားတွေ၊ ဆိုင်ကယ်တွေကို ဘယ်လိုရွေးချယ်စီးနင်းရမယ်ဆိုတာ ကောင်းကောင်းသိထားသူပါ။

(၅) ဒနဲရစ်တာဂါယန်းရဲ့ Audi နဲ့ Mercedes စုစည်းမှု

တာဂါယန်းအိမ်တော်ရဲ့နောက်ဆုံးမျိုးဆက် ဒနဲရစ်တာဂါယန်းအဖြစ် ဗြိတိန်မင်းသမီးချော Emilia Clarke က အောင်မြင်စွာသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ Game of Thrones ဇာတ်ကားကြောင့် Emilia Clarke လည်း ပိုအောင်မြင်လာခဲ့တယ်လို့ ဆိုရမှာပါ။ သတင်းတွေရဲ့အဆိုအရ သူမဟာ GOT Episode တစ်ခုအတွက် သရုပ်ဆောင်ကြေးဒေါ်လာ ၂ သန်းအထိရတယ်လို့သိရပါတယ်။ ဒါ့ကြောင့်ပဲ သူမဆီမှာ Audi A8 ၊ Audi Q3 ၊ Mercedes-Benz CLK-Class ၊ Mercedes-Benz 380SL နဲ့ Aston Martin DB9 တို့လိုကားအကောင်းစားတွေရှိနေတာပါ။ ရုပ်ရှင်ပိတ်ကားပေါ်မှာ နဂါးစီးခဲ့တဲ့ နဂါးတို့ရဲ့မိခင်ဟာ လက်တွေ့ဘဝမှာတော့ ကားအကောင်းစားတွေနဲ့ငြိမ့်လို့ပေါ့။

(၆) ဆန်ဆာစတာ့ခ် ရဲ့ Audi နဲ့ Volvo ကားများ

Game of Thrones ဇာတ်လမ်းမှာ မတူညီတဲ့ကာရိုက်တာ ၂ ခုကို ပီပီပြင်ပြင်ဖော်ပြနိုင်ခဲ့တဲ့ဇာတ်ကောင်တစ်ကောင်ကတော့ ဆန်ဆာစတာ့ခ်ပါပဲ။ အစောပိုင်းက ကြောက်တတ်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ဆန်ဆာစတာ့ခ်ဟာ ရင့်ကျက်လာချိန်မှာတော့ စိတ်ဓာတ်ခိုင်မာပြတ်သားတဲ့ အိမ်တော်ဦးဆောင်သူအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ဆန်ဆာစတာ့ခ်အဖြစ် သရုပ်ဆောင်ရင်း နာမည်ကြီးလာတဲ့ဗြိတိန်သရုပ်ဆောင် Sophie Turner ဟာ နောက်ဆုံးထွက်ရှိတဲ့ X-Men ဇာတ်ကားမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ အမေရိကန်အဆိုတော် Joe Jonas နဲ့ လက်ထပ်ခဲ့တဲ့ Sophie Turner ဟာ ကားဝါသနာအိုးတစ်ဦးဖြစ်ပြီး သူမရဲ့ဝင်ငွေအများစုကို ကားအကောင်းစားတွေအတွက် အသုံးပြုခဲ့ပါတယ်။ သူမပိုင်ဆိုင်ထားတဲ့ကားတွေကတော့ Audi A7 ၊ Audi R8 ၊ Volvo V90 ၊ Porsche Panamera တို့ပဲဖြစ်ပါတယ်။

(၇) အာယာစတာ့ခ်ရဲ့ Range Rover

Game of Thrones ဇာတ်လမ်းမှာ မိန်းကလေးပရိသတ်အများစု အားကျနှစ်သက်တဲ့ဇာတ်ကောင်က အာယာစတာ့ခ်ဆိုရင် မှားမယ်မထင်ပါဘူး။ ငယ်ငယ်ကတည်းက ဓါးခုတ်လှံထိုးပညာရပ်တွေကို စိတ်ဝင်စားပြီး မိန်းကလေးမဆန်ခဲ့တဲ့ အာယာစတာ့ခ်ဟာ အရွယ်နဲ့မမျှတဲ့ဒုက္ခတွေ၊ စွန့်စားခန်းတွေကြုံခဲ့ပြီး ကြောက်စရာကောင်းတဲ့လူသတ်သမားဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အာယာအဖြစ် သရုပ်ဆောင်တဲ့ ဗြိတိန်မင်းသမီး Maisie Williams ကတော့ မိန်းကလေးဆန်သူဖြစ်ပြီး အသက်ကလည်း ၂၁ နှစ်သာရှိပါသေးတယ်။ ဒါ့ကြောင့် ကားမောင်းလိုင်စင်အောင်တာမကြာသေးသလို ကားတွေလည်းများများစားစားမရှိသေးပါဘူး။ သူမရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေ၊ တွဲဖက်သရုပ်ဆောင် Sophie Turner တို့နဲ့အပြင်ထွက်ရင် အဓိကအသုံးပြုတဲ့ကားက Range Rover ပဲဖြစ်ပါတယ်။

(၈) တိုင်ရီယွန် ရဲ့ Chrysler 300

Game of Thrones ဇာတ်လမ်းတွဲမှာ ပရိသတ်စိတ်အဝင်စားဆုံးဇာတ်ကောင်ကတော့ လူပုဇာတ်ကောင် တိုင်ရီယွန်လန်နစ္စတာ ပါပဲ။ ငယ်စဉ်က လူတကာရဲ့လှောင်ပြောင်မှုကိုခံခဲ့ရတဲ့လူပုတစ်ယောက်ဟာ စဉ်းစားဉာဏ်မြင့်မားပြီး လန်နစ္စတာအိမ်တော်တစ်ခုလုံးမှာ သိက္ခာအရှိဆုံးပုဂ္ဂိုလ်တစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့ပါတယ်။ ဒီဇာတ်ရုပ်ကို နာမည်ကြီးလူပုသရုပ်ဆောင် Peter Dinklage က ပီပီပြင်ပြင်ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အရပ် ၄ ပေ၊ ၄ လက်မသာရှိတဲ့ Peter Dinklage ဟာ သူ့ရဲ့အရပ်ကြောင့် ကားတော်တော်များများကို မောင်းလို့မရပါဘူး။ သူအမြဲတမ်းအသုံးပြုလေ့ရှိတဲ့ကားကတော့ Chrysler 300 အမျိုးအစားဖြစ်ပါတယ်။

(၉) ဆာဆီလန်နစ္စတာရဲ့ Audi A7 နဲ့ Tesla Model S

ဉာဏ်နီဉာဏ်နက်များပြီး တစ်ကိုယ်ကောင်းဆန်၊ အတ္တကြီးတဲ့ဆာဆီဘုရင်မရဲ့ ဇာတ်ရုပ်အတွက် မင်းသမီး Lena Headey ကို ရွေးချယ်ခဲ့တာကလည်း Game of Thrones ဇာတ်လမ်းတွဲထုတ်လုပ်သူတွေရဲ့ သိပ်ကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် သံပလ္လင်ထီးနန်းနဲ့ အာဏာကို အလိုရမ္မက်ကြီးတဲ့အမူအယာတွေဟာ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ Lena Headey ရဲ့သရုပ်ဆောင်စွမ်းရည်တွေပါ။ ရုပ်ရှင်ပိတ်ကားပြင်ပမှာ Lena Headey နေ့စဉ်အသုံးပြုတဲ့ကားတွေကတော့ Audi A7 တစ်စီးနဲ့ Jeep Cherokee တို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် Tesla Model S နဲ့ Chrysler 300 တစ်စီးလည်း သူမ ပိုင်ဆိုင်ထားပါသေးတယ်။

(၁၀) ဂျိုရာမော်မွန့် ရဲ့ Renault Scenic

ဂျိုရာမော်မွန့်ဟာ မြောက်ပိုင်းဒေသက မော်မွန့်အိမ်တော်ရဲ့အမွေဆက်ခံသူဖြစ်ပေမယ့် တိမ်းရှောင်ထွက်ပြေးနေရပြီး နဂါးဘုရင်မ ဒနဲရစ်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ သူတို့ နှစ်ဦးရဲ့ဆက်ဆံရေးဟာ သခင်မနဲ့ အမှုထမ်းဆိုတာထက် သာလွန်ခဲ့ပြီး ဂျိုရာမော်မွန်ရဲ့လျှို့ဝှက်ထားတဲ့မေတ္တာတရားကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အခက်အခဲတွေကို ကြံ့ကြံ့ခံကျော်ဖြတ်ခဲ့တဲ့ ဂျိုရာမော်မွန့်ရဲ့ဇာတ်ရုပ်ကို မင်းသားကြီး Lain Glen က ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ Lain Glen ဟာ မော်တော်ကားအတွက် ငွေသုံးလေ့ရှိသူမဟုတ်သလို ကားတွေကို ရူးသွပ်သူလည်းမဟုတ်ပါဘူး။ ဟိုနားဒီနားဈေးဝယ်ထွက်ရင် သူစီးလေ့ရှိတဲ့ကားကတော့ Renault Scenic ပဲဖြစ်ပါတယ်။

(၁၁) သီယွန်ဂရေးဂျွိုင်းရဲ့ Mercedes-Benz GLC

စတာ့ခ်အိမ်တော်ရဲ့မွေးစားသားဖြစ်တဲ့ သီယွန်ဂရေးဂျွိုင်းဟာ အကျင့်မကောင်းတဲ့လူငယ်တစ်ဦးအဖြစ်ကနေ သစ္စာတရားနဲ့ အပြစ်ကို ပြန်လည်ပေးဆပ်ရဲတဲ့ယောင်္ကျားကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်တဲ့ မင်သား Alfie Allen ဟာ စိတ်ဓာတ်ပျော့ညံ့မှုနဲ့ သူရဲဘောကြောင်တဲ့အမူအယာတွေကို ပီပြင်စေပြီး ပရိသတ်ကို ရသအမျိုးမျိုးပေးစွမ်းနိုင်ခဲ့ပါတယ်။ Allen ဟာလည်း ဝင်ငွေကောင်းတဲ့သရုပ်ဆောင်တစ်ဦးဖြစ်ပေမယ့် ကားအကောင်းစားတွေအတွက် ငွေမသုံးခဲ့ပါဘူး။ ပုံမှန်အားဖြင့် Allen စီးတဲ့ကားက Mercedes-Benz GLC တစ်စီးပဲရှိပါတယ်။

(၁၂) လေဒီဘရီးယန်း ရဲ့ Nissan Sentra

ဓါးတွေလှံတွေနဲ့ ထိုးခုတ်တိုက်ခိုက်ကြတဲ့ အလယ်ခေတ်က စစ်ပွဲတွေဟာ မိန်းမသားတွေအတွက် သင့်တော်တဲ့နေရာမဟုတ်ပါဘူး။ ဒါပေမဲ့ တာ့သ်အိမ်တော်က လေဒီဘရီးယန်းကတော့ ယောင်္ကျားတွေထက်တောင် ရွပ်ရွပ်ချွံချွံတိုက်ခိုက်နိုင်တဲ့ စစ်သည်ကောင်းတစ်ဦးဖြစ်နေပါတယ်။ လေဒီဘရီးယန်းဇာတ်ရုပ်အတွက် အရပ် ၆ ပေရှိတဲ့ မင်းသမီး Gwendoline Christie က အောင်မြင်စွာသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ Christie ဟာ ကလန်ကလားနိုင်တဲ့သူမရဲ့အရပ်ကြောင့် ကိုယ်တိုင်ကားမောင်းတာထက် ယာဉ်မောင်းငှားရမ်းတာမျိုး၊ Uber စီးတာမျိုးကို ပိုနှစ်သက်တယ်လို့ ဆိုပါတယ်။ ပွဲတက်အခမ်းအနားတချို့မှာ Christie စီးနင်းလာတဲ့ကားတချို့ကတော့ Nissan Sentra လို ဆီဒင်ကားတွေပဲဖြစ်ပါတယ်။

(၁၃) အနီရောင်အမျိုးသမီး ရဲ့ စူပါကားများ

Game of Thrones ဇာတ်လမ်းမှာ ဂျွန်စနိုးကို အသက်ပြန်ရှင်အောင်လုပ်ပေးခဲ့တဲ့ မယ်လီဆန်ဒရီ ဆိုတဲ့ အနီရောင်ဝတ်နတ်ဆရာမကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အလင်းနတ်ဘုရားရဲ့ ကျေးကျွန်အဖြစ်ခံယူထားတဲ့ အနီရောင်အမျိုးသမီးဟာ လျှို့ဝှက်ချက်တွေပြည့်နေတဲ့ဇာတ်ကောင်ဖြစ်ပြီး နယ်သာလန်မင်းသမီးချော Carice Van Houten က ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ အံ့သြဖို့ကောင်းတာက Van Houten ဟာ တခြား GOT အမျိုးသမီးသရုပ်ဆောင်တွေလိုမဟုတ်ဘဲ ကားတွေကို မက်မက်မောမောစုဆောင်းလေ့ရှိသူဖြစ်နေတာပါပဲ။ သူမရဲ့ပိုင်ဆိုင်မှုတွေထဲမှာ Opel Ampera ၊ Lamborghini Huracan ၊ Audi S5 Coupe ၊ Aston Martin နဲ့ Mercedes-Benz G-Wagen လို အကောင်းစားစူပါကားတွေပါဝင်ပါတယ်။

(၁၄) ခဲလ်ဒရိုဂိုရဲ့ Range Rover နဲ့ Land Rover

Game of Thrones ရဲ့အစောပိုင်း Episode တွေမှာသာ ပါဝင်ခဲ့တဲ့ခဲလ်ဒရိုဂိုဟာ အမေ့လျော့ခံဇာတ်ကောင်တစ်ကောင်သာဖြစ်ခဲ့ပေမယ့် သရုပ်ဆောင် Jason Momoa ကတော့ တဖြည်းဖြည်းနာမည်ကြီးလာပြီး အခုချိန်မှာ စူပါစတားတစ်ဦးဖြစ်လာခဲ့ပါပြီ။ တစ်နည်းအားဖြင့် GOT နဲ့ နာမည်ကြီးလာတဲ့ Jason Momoa ဟာ Aquaman ဇာတ်ကားနဲ့ အောင်မြင်မှုရလာခဲ့တာပဲဖြစ်ပါတယ်။ Jason Momoa ဟာ နာမည်ကြီးသရုပ်ဆောင်တစ်ဦးပီပီ ဈေးကြီးတဲ့ဇိမ်ခံကားနဲ့ မော်တော်ဆိုင်ကယ်တွေကို နှစ်သက်လေ့ရှိပါတယ်။ လက်ရှိအချိန်မှာ သူစီးနေတာက Rang Rover နဲ့ Land Rover အမျိုးအစားတွေဖြစ်ပြီး Harley Davidson မော်တော်ဆိုင်ကယ်တစ်စီးလည်း ရှိထားပါသေးတယ်။

(၁၅) လေဒီမာဂျရီရဲ့ Toyota Prius နဲ့ Aston Martin DB5

မိန်းမတို့ရဲ့မာယာကို အသုံးချပြီး စည်းရုံးသိမ်းသွင်းတတ်တဲ့ တိုင်ရဲလ်အိမ်တော်က လေဒီမာဂျရီဟာလည်း Game of Thrones ဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ကောင်တစ်ကောင်ဖြစ်ခဲ့ပါတယ်။ လေဒီမာဂျရီအဖြစ် သရုပ်ဆောင်တဲ့ Natalie Dormer ဟာ အင်္ဂလန်မှာ အောင်မြင်ပြီးသားမင်းသမီးတစ်လက်ဖြစ်ပြီး The Hunger Games နဲ့ Elementary ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ အောင်မြင်တဲ့သရုပ်ဆောင်ဖြစ်ပေမယ့် Natalie Dormer ဟာ မော်တော်ကားနဲ့ပတ်သက်ပြီး ရှေးရိုးဆန်သူပါ။ လက်ရှိအချိန်အထိ သူမ နေ့စဉ်အသုံးပြုတဲ့ကားက Toyota Prius ဖြစ်ပြီး Aston Martin DB5 အမျိုးအစားတစ်စီးလည်း ရှိပါသေးတယ်။

(၁၆) ဂျိုင်းယန့်ဘိန်း ရဲ့ Porsche Boxster

ဂျိုင်းယန့်ဘိန်းဆိုတဲ့ ဆံပင်အနီ၊ မုတ်ဆိတ်အနီနဲ့ ဇာတ်ကောင်ဟာ ရန်သူအဖြစ်ကနေ ဂျွန်စနိုးရဲ့အရင်းနှီးဆုံးမိတ်ဆွေဖြစ်လာခဲ့သူပါ။ သူဟာ နံရံတစ်ဘက်ခြားက စစ်သည်ခေါင်းဆောင်ဖြစ်ပြီး White Walker တွေကိုရင်ဆိုင်မယ့် နောက်ဆုံးခံစစ်ကြောင်းရဲ့ဦးဆောင်သူလည်းဖြစ်ပါတယ်။ ဒီဇာတ်ကောင်ရဲ့နေရာမှာ နော်ဝေလူမျိုးရုပ်ရှင်မင်းသား Kristofer Hivju က ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ပြင်ပလက်တွေ့ဘဝမှာတော့ Hivju ဟာ Porsche Boxster အမျိုးအစားတစ်စီးပိုင်ဆိုင်ထားပြီး စကော့တလန်မင်းသားကြီး Rory McCann နဲ့အတူ မောင်းနှင်လည်ပတ်လေ့ရှိပါတယ်။ Rory McCann ဆိုတာက တခြားမဟုတ်ပါဘူး။ GOT မှာ The Hound အဖြစ်သရုပ်ဆောင်ခဲ့သူပဲဖြစ်ပါတယ်။

(၁၇) နက်ဒ်စတာ့ခ် ရဲ့ Ford Ranger

Game of Thrones ဇာတ်လမ်းမှာ အစောပိုင်း Episode အနည်းအကျဉ်းသာ ပါဝင်ခဲ့ပေမဲ့ နက်ဒ်စတာ့ခ်ဆိုတာ ဇာတ်လမ်းကျောရိုးရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ အခြေအနေနဲ့ အချိန်အခါကို မသုံးသပ်တတ်တဲ့၊ အမှန်တရားတစ်ခုတည်းကိုသာ ခေါင်းမာမာနဲ့ ကိုင်စွဲထားတတ်တဲ့ နက်ဒ်စတာ့ခ်အဖြစ် မင်းသားကြီး Sean Bean က ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဇာတ်ရုပ်နဲ့လုံးဝကွက်တိကျခဲ့ပါတယ်။ မော်တော်ကားတွေနဲ့ပတ်သက်ပြီး Sean Bean ဝန်ခံခဲ့တဲ့စကားတစ်ခွန်းရှိပါတယ်။ အဲဒါကတော့ ‘’အရင်က ကျွန်တော့်မှာ Porsche ရော၊ BMW ရော၊ Jaguar ကားတွေရောရှိခဲ့တယ်ဗျ။ ဒါပေမဲ့ ခုတော့ တန်ဖိုးကြီးကားတွေစီးရတာ စိတ်ကုန်နေပြီလေ’’ ဆိုတာပါပဲ။ Sean Bean လက်ရှိအသုံးပြုနေတဲ့ကားကတော့ Ford Ranger အမျိုးအစား Pickup တစ်စီးပါပဲ။

(၁၈) ရော့ဘ်စတာ့ခ်ရဲ့ Jaguar F-Type

နက်ဒ်စတာ့ခ်ရဲ့ သားကြီးသြရသဖြစ်တဲ့ ရော့ဘ်စတာ့ခ်ဟာလည်း လုပ်ကြံမခံရခင်အထိ မြောက်ပိုင်းဘုရင်အဖြစ် အစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။ မြောက်ပိုင်းရဲ့ခေါင်းဆောင်၊ သူရဲကောင်းတစ်ယောက်ဖြစ်ဖို့ ကံပါမလာတဲ့ရော့ဘ်စတာ့ခ်အဖြစ် လိုက်လျောညီထွေသရုပ်ဆောင်သွားသူကတော့ စကော့တလန်မင်းသားချော Richard Madden ပဲဖြစ်ပါတယ်။ သူဟာ Bodyguard ဆိုတဲ့ဒရာမာဇာတ်ကားနဲ့ ရွှေကမ္ဘာလုံးဆုဆွတ်ခူးထားသူဖြစ်ပြီး ဂျိမ်းစ်ဘွန်းမင်းသားသစ်ဖြစ်လာမယ်လို့လည်း သတင်းထွက်နေသူပါ။ နာမည်ကြီးသရုပ်ဆောင်တစ်ဦးပီပီ Madden ဟာ တန်ဖိုးကြီးကားတော်တော်များများကို အပြောင်းအလဲလုပ်စီးခဲ့ပါတယ်။ အခုနောက်ဆုံးစီးနေတဲ့ Madden ရဲ့ကားကတော့ Jaguar F-Type ပဲဖြစ်ပါတယ်။

(၁၉) ဂျေမီလန်နစ္စတာရဲ့ Audi F103 နဲ့ 2007 Skoda

Game of Thrones ဇာတ်လမ်းတွဲမှာ ဂျေမီလန်နစ္စတာ ဆိုတဲ့ဇာတ်ကောင်ဟာ ပရိသတ်တွေရဲ့ချစ်ခြင်း၊ မုန်းခြင်း၊ သနားခြင်း၊ ရွံရှာခြင်းစတဲ့ခံစားချက်တွေကို သိမ်းပိုက်နိုင်ခဲ့တဲ့အဓိကဇာတ်ကောင်ပါ။ Kingslayer လို့လည်းခေါ်ကြတဲ့ ဂျေမီလန်နစ္စတာ ရဲ့ ချောမောတဲ့ရုပ်ရည်၊ မထီလေးစားနိုင်တဲ့အမူအယာတွေကို ဝါရင့်မင်းသားကြီး Nikolaj Coster-Waldau က အတိအကျသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ အံ့သြဖို့ကောင်းတာက Nikolaj ဟာ မော်တော်ကားတွေကို သိပ်ပြီးစိတ်ဝင်စားသူမဟုတ်တာပါပဲ။ သူအမြဲတမ်းစီးနေကြကားတစ်စီးက 2007 မော်ဒယ် Skoda ဖြစ်ပြီး တစ်ခါတရံမှာ Audi F103 ကိုလည်း စီးလေ့ရှိပါတယ်။ ပြောရရင်တော့ Nikolaj ဟာ ကားအကောင်းစားတွေအတွက် ငွေကုန်ခံတတ်သူမဟုတ်ဘူးဆိုတာပါပဲ။

Ref : What The Game Of Thrones Cast Drives in Real Life by MICHAEL WEYER

Author

Comments