သတိပြုဆင်ခြင်စရာ ကားအတွင်းမှ အနံ့များ

0

Full article

ကားတစ်စီးရဲ့ကျန်းမာရေးမကောင်းတော့ဘူးဆိုရင်၊ ပုံမှန်မဟုတ်တဲ့အခြေအနေတွေဖြစ်ပေါ်နေပြီဆိုရင် ညှော်နံ့ ဒါမှမဟုတ် ဆိုးရွားတဲ့အနံ့အသက်တစ်ခုခုကို ရနေတတ်ပါတယ်။ ဥပမာအားဖြင့် ဆီလိုင်းပုံမှန်စီးဆင်းမှုမရှိတာကြောင့် ဆီတွေယိုစိမ့်ပြီး ဆီနံ့ထွက်လာတာမျိုး၊ ဘရိတ်ရှူးတွေပုံမှန်အနေအထားမရှိတာကြောင့် ပွတ်တိုက်မှုများပြီး ညှော်နံ့ထွက်လာတာမျိုးတိ့ုပဲဖြစ်ပါတယ်။ ဒါဆိုရင် သင့်ကားဟာ ချို့ယွင်းချက်တစ်ခုခုဖြစ်ပေါ်နေပြီလို့ယူဆပြီး ပြစ်ချက်ကိုရှာဖွေရတော့မှာပဲဖြစ်ပါတယ်။ တချို့အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေဟာ ကားကိုထိန်းထိန်းသိမ်းသိမ်းနဲ့ ဂရုစိုက်မောင်းနှင်ရင် သိပ်ပြဿနာမရှိပေမယ့် တချို့အပျက်အစီးတွေကတော့ ချက်ချင်းမပြင်ဆင်ဘူးဆိုရင် ဆိုးဆိုးရွားရွားထိခိုက် ဆုံးရှုံးသွားနိုင်တဲ့အနေအထားမှာရှိကြပါတယ်။ ဒါကြောင့် သင့်ကားအတွင်းမှာရတဲ့ ပုံမှန်မဟုတ်တဲ့အနံ့အသက်ဆိုးတွေကို အန ္တရာယ်မဖြစ်စေဖို့ ကြိုတင်အချက်ပြမှုတွေအဖြစ် ဂရုစိုက်ရှာဖွေရပါလိမ့်မယ်။ ကားကျန်းမာရေးပုံမှန်မဟုတ်ကြောင်း ဖော်ပြနေတဲ့အနံ့အသက်တွေအကြောင်းကို ကျွမ်းကျင်သူပညာရှင်တွေစနစ်တကျလေ့လာခဲ့ပြီးနောက် သတိပြုဆင်ခြင်သင့်တဲ့အနံ့တွေအကြောင်းကို အခုလိုခွဲခြားဖော်ပြလိုက်ရပါတယ်။

ဆီညှော်နံ့

အိတ်ဇောပိုက်ပေါ်ကို ဆီယိုစိမ့်မှုကြောင့် ထွက်ပေါ်လာတဲ့အနံ့မျိုးဖြစ်ပါတယ်။ ဒါဆိုရင် ဆီယိုတဲ့နေရာကို တွေ့အောင်ရှာဖွေဖို့က အရေးအကြီးဆုံးပါပဲ။ ဆီတိုင်ကီကနေတဆင့် အင်ဂျင်ကိုဆက်သွယ်ထားတဲ့ဆီပိုက်လိုင်းတလျောက် ဆီယိုတဲ့နေရာကိုတွေ့အောင် ရှာဖွေရမှာပါ။ ဒါပေမဲ့ အင်ဂျင်ခန်းထဲက ဆီပိုက်လိုင်းနဲ့ ဆီဖြန်းပိုက်တွေမလုံရင်လည်း ဆီညှော်နံ့ထွက်တတ်တာကြောင့် အင်ဂျင်ခန်းထဲက မီးခိုးထွက်တဲ့နေရာတွေကိုလည်း လိုက်ပြီးစစ်ဆေးသင့်ပါတယ်။ ဆီယိုတဲ့နေရာကို လုံအောင်သင့်တော်သလိုပြင်ဆင်ရမှာဖြစ်ပြီး ကြီးကြီးမားမားယိုစိမ့်ခဲ့ရင်တော့ ဆီပိုက်တစ်ခုလုံးလဲလှယ်ရပါလိမ့်မယ်။

ရာဘာညှော်နံ့

ရာဘာမီးကျွမ်းတဲ့အနံ့ (သို့) ရာဘာညှော်နံ့ထွက်ပေါ်လာခြင်းမှာ အင်ဂျင်၊ ရေတိုင်ကီနဲ့ ခါးပတ်ကြိုးတွေကြားက ဆက်သွယ်မှုတစ်ခုခုမှားယွင်းနေခြင်း၊ ကြိုးတစ်ချောင်းပြုတ်နေခြင်းကြောင့် ဖြစ်နိုင်ချေအများဆုံးပါ။ အဲဒီလိုအနံ့မျိုးရပြီဆိုရင် ကားစက်ခန်းဖုံးဖွင့်ပြီး အင်ဂျင်၊ ရေတိုင်ကီနဲ့ ပူလီတွေကြားက ဆက်သွယ်ထားတဲ့ကြိုးတွေကို အရင်ဆုံးစစ်ဆေးသင့်ပါတယ်။ နေရာမမှန်ဖြစ်နေတာမျိုးကို ပုံမှန်အတိုင်းပြန်လည်တပ်ဆင်ပေးနိုင်ပေမယ့် ကြိုးပြတ်တာမျိုးဆိုရင်တော့ချက်ချင်းအသစ်လဲပေးဖို့ လိုပါလိမ့်မယ်။ ဒီလိုမှမစစ်ဆေးဘူးဆိုရင် အပူချိန်ကြောင့် ရေတိုင်ကီအတွင်းမှာရေဆူလာပြီး အင်ဂျင်အပူချိန်မြင့်လာမှာပဲဖြစ်ပါတယ်။ အင်ဂျင်ပူတာကြောင့်လည်း ကားရုန်းအားနဲ့အရှိန်နှုန်းကျဆင်းလာမှာဖြစ်ပြီး တစ်ဖက်မှာလည်း ဆီပိုကုန်သလို အင်ဂျင်ပိုင်းထိခိုက်မှုတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း ရေတိုင်ကီပျက်စီးနိုင်တာကြောင့် လိုအပ်တဲ့စစ်ဆေးမှုနဲ့ နောက်ဆက်တွဲပြင်ဆင်မှုကို အချိန်မီပြုလုပ်ရမှာဖြစ်ပါတယ်။

ဆီနံ့

ဒီအနံ့ဟာလည်း ကားအတွင်းက ဆီပိုက်လိုင်း ဒါမှမဟုတ် ဆီဖြန်းပိုက်တစ်နေရာမှာ ယိုစိမ့်မှုဖြစ်ပေါ်နေတာကြောင့် ထွက်ပေါ်လာတဲ့အနံ့မျိုးပါပဲ။ ဆီညှော်နံ့ထွက်စေတဲ့အခြေခံအကြောင်းရင်းတူညီပေမယ့် ယိုစိမ့်မှုများပြားတာကြောင့် ညှော်နံ့မဟုတ်တော့ပဲ လောင်စာဆီနံ့ထွက်တဲ့အထိ ဖြစ်လာတာကို သတိထားရပါလိမ့်မယ်။ အကျိုးဆက်အားဖြင့် ဆီတိုင်ကီအတွင်းမှာ ဆီများဆုံးရှုံးခြင်းကနေ အစပြုပြီး အခန့်မသင့်ရင် မီးလောင်မှုဖြစ်ပွားနိုင်တဲ့အခြေအနေမျိုးအထိ ဖြစ်လာနိုင်တာကြောင့် အမြန်ဆုံးစစ်ဆေးပြုပြင်သင့်တဲ့အချက်ပြမှုတစ်ခုဖြစ်ပါတယ်။

သကြားရည်နံ့

အင်ဂျင်အအေးပေးစနစ်နဲ့ဆိုင်တဲ့နေရာအစိတ်အပိုင်းတွေဖြစ်တဲ့ ရေတိုင်ကီ၊ ရေပိုက်လိုင်းများချို့ယွင်းမှု ဒါမှမဟုတ် ယိုစိမ့်မှုဖြစ်ပေါ်ခြင်းကြောင့် ထွက်ပေါ်တတ်တဲ့အနံ့မျိုးဖြစ်ပါတယ်။ ရေတိုင်ကီပေါက်တာမျိုး၊ ယိုစိမ့်တာမျိုးဖြစ်နိုင်တဲ့အပြင် ရေတိုင်ကီနဲ့ အင်ဂျင်ဆက်သွယ်ထားတဲ့နေရာမှာ ကျိုးပေါက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒီအတွက် ရေတိုင်ကီကနေ စပြီးတဆင့်ခြင်းစစ်ဆေးသွားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ဆေးအဖြေရှာဖို့ ကားစက်ဖုံးဖွင့်မယ်ဆိုရင်တော့ ကားမောင်းနှင်ထားတဲ့အချိန်ပမာဏ၊ အရှိန်နှုန်းပေါ်မူတည်ပြီး အပူချိန်မြင့်မားနေနိုင်တာကြောင့် ရေတိုင်ကီနဲ့ဲ့အစိတ်အပိုင်းတွေကို ကြားခံပစ္စည်းတစ်ခုခုနဲ့ ကိုင်တွယ်သင့်ပါတယ်။

ကော်ဇောညှော်နံ့

ကော်ဇော (သို့) အဝတ်စမီးကျွမ်းတဲ့အနံ့မျိုးထွက်ပေါ်လာရင်တော့ ဘရိတ်နဲ့ဆိုင်တဲ့ချို့ယွင်းချက်ဖြစ်ပေါ်နေပြီလို့ ယေဘုယျအားဖြင့် ယူဆရမှာဖြစ်ပါတယ်။ ဒီလိုအနံ့မျိုးရတာနဲ့တပြိုင်နက် ဘရိတ်စနစ်ကို မဖြစ်မနေစစ်ဆေးရမှာပါ။ အထူးသဖြင့် ဘရိတ်ရှူးတွေပုံမှန်အနေအထားပျက်ယွင်းနေတာမျိုး၊ ဘရိတ်စနစ်တစ်ခုခုချို့ယွင်းနေတာကြောင့် ပုံမှန်အခြေအနေအတိုင်း မစွမ်းဆောင်တာမျိုးကြောင့် ကော်ဇော်ညှော်နံ့နဲ့ဆင်တူတဲ့သတိပေးချက်အနံ့ထွက်ပေါ်လာတာလို့ ကျွမ်းကျင်သူတွေ သတ်မှတ်ထားပါတယ်။ အားလုံးသိထားတဲ့အတိုင်း ဘရိတ်စနစ်ဟာ လုံခြုံဘေးကင်းရေးအတွက် အရေးကြီးတာကြောင့် ချို့ယွင်းချက်ဖြစ်ရင် အမြန်ဆုံးပြင်ဆင်သင့်တဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ သင်ကိုယ်တိုင် မစစ်ဆေးနိုင်ဘူးဆိုရင်လည်း ကျွမ်းကျင်သူကိုခေါ်ပြီး အမြန်ဆုံးစစ်ဆေးပြုပြင်သင့်ပါတယ်။

ကြက်ဥပုပ်နံ့

ဒီအနံ့မျိုးကတော့ အိတ်ဇောပိုက်ထဲမှာ ချို့ယွင်းချက်ဖြစ်ပေါ်တာနဲ့ ပုံမှန်အလုပ်လုပ်နှုန်းကျဆင်းသွားတာကြောင့် ထွက်ပေါ်တတ်တဲ့အနံ့မျိုးဖြစ်ပါတယ်။ ဒါမှမဟုတ် အင်ဂျင်စွမ်းဆောင်ရည်ကျဆင်းသွားလို့ အိတ်ဇောဆန်ခါတွေမှာ ဝန်ပိုလာတာကြောင့်လည်း ဒီလိုအနံ့မျိုးထွက်ပေါ်တတ်ပါသေးတယ်။ အိတ်ဇောအတွင်းမှာ ဟိုက်ဒရိုဂျင်ဆာလ်ဖိုက်ကို ကာဘွန်ဒိုင်အောက်ဆိုဒ်အဖြစ် မပြောင်းလဲနိုင်တာကြောင့် ကြက်ဥပုပ်နံ့နဲ့ဆင်တူတဲ့အနံ့မျိုးထွက်ပေါ်လာတာပါ။ လေထုထဲကို ကာဘွန်ဒိုင်အောက်ဆိုဒ် ကောင်းစွာမထုတ်လွှတ်နိုင်ခြင်းဟာ ကားတစ်စီးအတွက် အဓိကချို့ယွင်းချက်ဆိုရင်လည်း မမှားပါဘူး။ အိတ်ဇောသာပုံမှန်အလုပ်မလုပ်ဘူးဆိုရင် အင်ဂျင်ပိုင်းကို ပိုပြီးဝန်ပိစေမှာဖြစ်သလို အင်ဂျင်ဝိုင်မကြာခဏလဲရခြင်း၊ အင်ဂျင်ကိုင်ရခြင်းအထိ ဆိုးကျိုးကြီးမားသွားနိုင်တဲ့အခြေအနေကိုလည်း ကြုံတွေ့နိုင်ပါတယ်။ ဒီအနံ့မျိုးထွက်လာပြီဆိုရင် အိတ်ဇောပိုက်တစ်ခုလုံးကိုဖြုတ်ပြီး စစ်ဆေးသင့်တဲ့အပြင် အင်ဂျင်ပိုင်းကိုလည်း စနစ်တကျစစ်ဆေးမှုတွေပြုလုပ်သင့်ကြောင်း ဖော်ပြလိုက်ရပါတယ်။

စာရေးသူ : ကိုဆွဲ (မုံရွာ)

Author

Comments