သင့်ကားအင်ဂျင်တုန်ခါမှုကို ဖြစ်စေနိုင်တဲ့ အချက် (၈) ချက်

0

Full article

ကားအင်ဂျင် တုန်တာ၊ ခါတာကို ကားမောင်းတဲ့သူ တော်တော်များများကြုံဖူးကြမှာပါ။ ဒါ့အပြင် ကားစက် စစနှိုးထားတဲ့အချိန်၊ ကားရပ်မယ်ဆိုပြီး စက်သတ်လိုက်တဲ့အချိန်၊ ကားကို မီးပွိုင့်မှာရပ်ထားတုန်း အချိန်၊ ကားတွေကြပ်နေလို့ တန်းစီနေတဲ့အချိန်တွေမှာ ကားအင်ဂျင်တုန်ခါပြီး စတီယာရင်လက်ကိုင်တွေကိုပါ လိုက်တုန်ခါနေတာမျိုးတွေကိုလည်း ကားမောင်းတဲ့သူတွေခံစားဖူးကြမှာပါ။ ဒီနေ့တော့ ကားမောင်းတဲ့သူတွေ တော်တော်များများ မကြာခဏတွေ့ကြုံနေရတဲ့ ကားအင်ဂျင်ပုံမှန်မဟုတ်ဘဲ တုန်ခါစေတဲ့ပြဿနာလေးတွေကို တင်ပြပေးသွားပါမယ်။

၁။ Injectors တွေမကောင်းတာ

ကားကို စက်စနှိုးတဲ့အခြေအနေ (idle) လေးမှာ နှိုးထားတဲ့အချိန် အင်ဂျင်တုန်ခါရတဲ့ အကြောင်းများစွာထဲက အချက်တစ်ချက်က fuel injectors တွေမကောင်းတာကြောင့်ပါ။ Fuel injectors တွေဘယ်လိုကြောင့် ပျက်စီးရသလဲဆိုရင်တော့ ဆီအရည်အသွေးကြောင့်ရယ်၊ ကာလကြာမြင့်စွာ အသုံးပြုတာရယ်ကြောင့်ပါ။

မြန်မာနိုင်ငံမှာ အဖြစ်များတာကတော့ ဒီအချက်နှစ်ချက်လုံးနဲ့တိုက်ဆိုင်ပါတယ်။ မြန်မာနိုင်ငံက ကားတော်တော်များများက ဂျပန်မှာအသုံးပြုထားပြီးသား တစ်ပတ်ရစ်ကားတွေဖြစ်တာရယ်၊ ဆီအရည်အသွေးထိန်းချုပ်တဲ့အဖွဲ့အစည်းတွေ အားနည်းတာရယ်ကြောင့် ကားတော်တော်များများရဲ့ fuel injectors (petro) နဲ့ nozzle (diesel) တွေဟာ ကြေးတွေပိတ်ဆို့တာ၊ ကာဗွန်ဂျိုးတက်တာတွေဖြစ်ပြီး ကားအင်ဂျင်လည်ပတ်မှုဖြစ်စဉ်ကို အနှောင့်အယှက်ပေးတာမလို့ ကားအင်ဂျင်တုန်ခါမှုတွေကို ဖြစ်စေတာပါ။

ဒီလိုဖြစ်လာပြီဆိုရင်တော့ fuel injectors တွေဖြုတ်ဆေးကြောရမှာဖြစ်ပြီး၊ ဆေးကြောမရအောင် ပျက်စီးနေတဲ့ injectors တွေကိုတော့ အစားထိုးအသစ်လဲလှယ်ပေးရမှာဖြစ်ပါတယ်။

၂။ Spark Plugs တွေမကောင်းတာ

ကားအင်ဂျင်မှာ အသုံးပြုထားတဲ့ spark plugs တွေမကောင်းဘူးဆိုရင် ကားအင်ဂျင်လည်ပတ်ဖို့ဆီတွေကို မီးလောင်ကျွမ်းပေးဖို့ လုံလောက်တဲ့မီးပွင့်မှုတွေဖြစ်မလာနိုင်တော့ဘဲ ကားအင်ဂျင်တုန်ခါမှုတွေကို ဖြစ်လာစေပါတယ်။ Spark plugs တွေမကောင်းစေတာကလည်း ဆီအရည်အသွေးမကောင်းတာ၊ အချိန်ကြာမြင့်စွာအသုံးပြုတာ၊ အင်ဂျင်နဲ့မကိုက်ညီတဲ့ plugs အမျိုးအစားတွေကို သုံးတာတွေကြောင့်လည်း spark plugs တွေက သက်တမ်းမပြည့်ခင် ပျက်စီးသွားတာမျိုးတွေရှိပါတယ်။ ဒီလိုမကောင်းတဲ့ spark plugs တွေကို ဆက်လက်အသုံးပြုမယ်ဆိုရင်တော့ cylinder misfire error code တွေကြောင့် engine check မီးလင်းလာမှာဖြစ်ပါတယ်။ ဒါကြောင့် ကားအင်ဂျင်တုန်ခါမှုတွေဖြစ်တယ်ဆိုရင် မဖြစ်မနေစစ်ဆေးသင့်ပြီး အင်ဂျင်နဲ့လိုက်ဖက်မှန်ကန်တဲ့ အမျိုးအစားကို ရွေးချယ်လဲလှယ်ပေးရမှာဖြစ်ပါတယ်။

၃။ အင်ဂျင်အဝင် လေပိုက်တွေ ပေါက်တာ၊ ကွဲတာ

အင်ဂျင်ထဲကိုဝင်တဲ့ လေပိုက်တွေ ကွဲတာ၊ အက်တာ၊ ပြတ်ထွက်တာ တွေကြောင့်လည်း အင်ဂျင်တုန်ခါတာတွေဖြစ်နိုင်ပါတယ်။ ကားအင်ဂျင်တစ်ခုလည်ပတ်ဖို့ အဓိကလိုအပ်တဲ့အရာတွေထဲမှာ လေလည်းပါဝင်တာမလို့ ဒီလေပိုက်တွေ သေချာမတပ်ဆင်ထားလို့ ကားမောင်းရင်း ပြုတ်ထွက်သွားတာ၊ ဆွေးမြည့်နေတဲ့ လေပိုက်အက်ကြောင်းတွေကနေတစ်ဆင့် လေတွေ ဝင်နေတာတွေကြောင့် အင်ဂျင်ရဲ့ ဆီ၊ ရေ၊ လေ အချိုးမမှန်မှုတွေကို ဖြစ်ပေါ်လာစေပြီး အင်ဂျင်တုန်ခါမှုတွေကို ဖြစ်ပေါ်လာစေပါတယ်။

ဒီလိုဖြစ်တယ်ဆိုရင်တော့ အင်ဂျင်ခန်းထဲမှာရှိတဲ့ လေပိုက်တွေကို အကွဲ၊ အအက်ရှိ/မရှိ စစ်ဆေး၊ ပြတ်တောက်နေတဲ့ပိုက်တွေကို အစားထိုးလဲလှယ်ပြီး အင်ဂျင်တုန်ခါစေတဲ့ ပြဿနာကို ဖြေရှင်းပေးရမှာဖြစ်ပါတယ်။

၄။ တိုင်ပင် Belt (Timing Belt) ကြိုးတွေ ချော်တာ၊ ပွန်းစားကုန်တာ

Timing belt ကြိုးတွေ ပွန်းစားပြီး တိုင်ပင်အသွားကျော်တာ၊ တိုင်ပင်ချော်တာတွေကြောင့်လည်း အင်ဂျင်တုန်ခါမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့် timing belt ကြိုးတစ်ချောင်းက ကီလိုတစ်သိန်းကျော်အထိအသုံးပြုနိုင်ပြီး ကီလိုပြည့်တာနဲ့ ကောင်းကောင်း/မကောင်းကောင်း လဲပေးရမှာပါ။ ကျနော်တို့ဆီမှာတော့ timing belt ကြိုးတွေကို ကီလိုသတ်မှတ်ပြီး လဲတာ၊ ဖြုတ်စစ်ဆေးတာမျိုး အလေ့အထမရှိတာကြောင့် ကြိုးပြတ်တဲ့အခါရောက်မှ၊ ကားမောင်းမရတော့မှ ဝပ်ရှော့ဆွဲ အကြီးစားပြုပြင်မှုတွေလုပ်ရပါတယ်။ Timing belt  ကြိုးမပြတ်ခင် ကြိုးမှာရှိတဲ့ အသွားတွေ ချော်လာပြီဆိုတာနဲ့တိုင်ပင်မမှန်တော့ဘဲ ဒီလိုအင်ဂျင်တုန်ခါတဲ့ လက္ခဏာတွေ ပြသတတ်ပါတယ်။ ဒါကို သတိမမူဘဲ ဆက်လက်အသုံးပြုမယ်ဆိုရင်တော့ ကြိုးပြတ်တဲ့ထိရောက်နိုင်ပြီး  engine head ဖွင့်ရတဲ့ အကြီးစားပြုပြင်မှုတွေ၊ ငွေကုန်ကြေးကျများတဲ့ပြုပြင်မှုတွေ လုပ်ရမှာဖြစ်ပါတယ်။

ဒါကြောင့် အင်ဂျင်ပုံမှန်မဟုတ်ဘဲ တုန်ခါမှုတွေဖြစ်လာတဲ့ timing belt ကြိုးတွေကိုလည်း မမေ့မလျှော့ သတိပြုစစ်ဆေးသင့်ကြောင်းပါ။

၅။ လေတံခါး (Throttle Body) နဲ့ (ISC Valve) တွေကြေးပိတ်တာ

ဒါကလည်း မြန်မာနိုင်ငံမှာ အဖြစ်များဆုံး ရောဂါတစ်ခုပါ။ ကျွန်တော့် အတွေ့အကြုံအရ ကားအင်ဂျင်တုန်ခါတာရဲ့ ၇၀ ရာခိုင်နှုန်းလောက် ဒီနှစ်ခုမှာကြေးပိတ်လို့ဖြစ်တာများပါတယ်။ ဒီနှစ်ခုရဲ့အလုပ်လုပ်ပုံကလည်း သဘောတရားအခြေခံနီးစပ်ပြီး တချို့ကားတွေမှာဆိုရင် အတွဲလိုက်ရှိပြီး တချို့ကားတွေမှာတော့ သီးသန့်စီတည်ဆောက်ထားပါတယ်။

ကားအင်ဂျင်တုန်တယ်ဆို လေတံခါးဖြုတ်ဆေးကြောတယ်ဆိုတာ အစဉ်အလာတစ်ခုလိုတောင်ဖြစ်နေပါပြီ။ လေတံခါးကိုတော့ တော်တော်များများသိကြပြီး ISC (idle speed control valve) ဆိုတာကတော့ သိတဲ့သူနည်းပါတယ်။ သူ့လုပ်ဆောင်ပုံကလည်း လေတံခါးလိုပဲ idle အခြေအနေမှာ လေအဝင်ကိုထိန်းချုပ်ထားပေးတဲ့ တံခါးလေးပါပဲ။

ဒီကောင်လေးက အင်ဂျင်အနှေးလည်ပတ်နေတဲ့အချိန်မှာ သူ့မှာရှိတဲ့ လေဝင်ပေါက်တွေကို ဘယ်လောက် ဒီဂရီ အထိဖွင့်ထားပေးမယ်ဆိုတာမျိုးသတ်မှတ်ထားတဲ့ ကောင်လေးတွေပါ။ အဲဒီကောင်လေးတွေမှာ ကြေးပိတ်နေမယ်ဆိုရင် အဖွင့်အပိတ် အချိန်ကိုက်လုပ်ဆောင်မှုတွေ နှေးကွေးစေပြီး အင်ဂျင်လည်ပတ်မှုကို အနှောင့်အယှက်ပေး တုန်ခါစေတာပဲဖြစ်ပါတယ်။

ကြုံတွေ့ဖူးတဲ့ အတွေ့အကြုံတွေအရ တချို့ ISC valve တွေဆိုရင် ကြေးတွေပိတ်ပြီး လုံးဝကိုအဖွင့်အပိတ်မလုပ်နိုင်တော့ဘဲ သေနေတာမျိုးထိတောင် မြင်တွေ့ရဖူးပါတယ်။ ဒီလိုမျိုး ISC valve တွေ၊ လေတံခါးတွေမှာ ကြေးပိတ်ဆို့နေမယ်ဆိုရင်တော့ သင့်ကားအင်ဂျင် နတ်ပူးသလို တုန်ခါနေမှာ မလွဲမသွေပါပဲခင်ဗျာ။

၆။ Fuel Filter တွေကြေးပိတ်တာ

ကားအင်ဂျင်တုန်ခါစေတဲ့ ပြဿနာတစ်ခုက fuel filter တွေကြေးပိတ်ဆို့တာပါ။ Fuel filter တွေကို ဆီစစ်လို့ခေါ်ကြပြီး ပုံမှန်အားဖြင့် ဆီတိုင်ကီထဲမှာတည်ရှိပါတယ်။ ဒီကောင်တွေက ဆီထဲမှာပါလာတဲ့ အမှုန်အမွှားလေးတွေကို စစ်ထုတ်ဖို့ဆန်ခါလေးတွေပါလာပါတယ်။ ဒီကောင်လေးတွေကနေ တစ်ဆင့်ဖြတ်ပြီးမှ ဆီပန့်ကနေ တစ်ဆင့် injector တွေထဲကို ဆီပေးပို့ပါတယ်။ ဒီလိုလည်ပတ်နေတဲ့ဖြစ်စဉ်မှာ နေစဉ်နဲ့အမျှ မသန့်ရှင်းတဲ့ ဆီ ကနေပါလာတဲ့ micro အရွယ်အစားရှိတဲ့ အမှုန်တွေဟာ fuel filter တွေကိုဖြတ်ပြီး ဆန်ခါအတွင်းပိုင်းမှာ ပိတ်ဆို့မှုတွေဖြစ်လာပါတယ်။

အဲဒီလိုဖြစ်လာတယ်ဆိုရင်ပဲ ဆီပန့်ကနေ လုံလောက်တဲ့ ဖိအားရှိတဲ့ဆီတွေကို injector တွေဆီမပို့ဆောင်နိုင်တော့ဘဲ အင်ဂျင်တုန်ခါမှုတွေ ဖြစ်လာစေပါတော့တယ်။ ဒီလိုဖြစ်လာတယ်ဆိုရင်တော့ ဆီတိုင်ကီထဲက fuel filter တွေ ဖြုတ်ဆေးကြောသန့်စင်ရမှာဖြစ်ပြီး၊ လိုအပ်ပါက အသစ်လဲလှယ်ပေးရမှာဖြစ်ပါတယ်။

၇။ အင်ဂျင်မောင်းတိန်းတွေ မကောင်းတာ

Engine Mount လို့ခေါ်တဲ့ အင်ဂျင်မောင်းတိန်းတွေမကောင်းတာကလည်း အင်ဂျင်တုန်ခါမှုဖြစ်စဉ်တွေကို ဖြစ်ပေါ်စေပါတယ်။ ပုံမှန်အားဖြင့် ကားအင်ဂျင်တိုင်းမှာ အင်ဂျင်မောင်းတိန်း အနည်းဆုံး ၂ ခုကနေ ၃ ခု၊ ၄ ခုထိ ပါတတ်ပါတယ်။ ဒီကောင်တွေရဲ့ အဓိက လုပ်ဆောင်ချက်က အင်ဂျင်ကို ကားဘော်ဒီမှာ အသေတပ်ဆင်တာမျိုးမလုပ်ဘဲ လိုအပ်သလောက် အတိမ်းအစောင်း လှုပ်နိုင်၊ ခါနိုင်အောင် ထိန်းထားပေးတဲ့သဘောပါ။

အင်ဂျင်နဲ့ဘော်ဒီကို တွဲဖက်ပေးထားတဲ့ဒီကောင်တွေ တစ်လုံးလုံး ပျက်ပြီဆိုရင်၊ မောင်းတိန်းတွေ အားပျော့လာပြီဆိုရင် အင်ဂျင်ဟာ သိသိသာသာတုန်ခါပါတယ်။ အင်ဂျင် အနှေးလည်ပတ်နေတဲ့အချိန်မှာ တုန်ခါမယ်၊ ဂီယာတစ်ခုနဲ့ တစ်ခု အရွှေ့အပြောင်းလုပ်လိုက်တဲ့အချိန်မှာ အင်ဂျင်ဆောင့်ရုန်းတယ် ဆိုတာတွေဟာ ဒီမောင်းတိန်းတွေ ပျက်စီးလာတဲ့လက္ခဏာပါ။

ဒီကောင်လေးတွေ တစ်လုံးလုံး ပျက်နေတာတွေ့မယ်၊ ဒါမှမဟုတ် မူမမှန်တဲ့ ဂီယာဆောင့်မှုတွေ၊ အင်ဂျင်တုန်ခါမှုတွေရှိမယ်ဆိုရင် ကျွမ်းကျင်ဝပ်ရှော့တွေပို့ပြီး အမြန်စစ်ဆေးသင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင်တော့ ဒီမောင်းတိန်းတွေဟာ တစ်လုံးနဲ့တစ်လုံး အမှီသဟဲပြုပြီးနေတာမလို့ တစ်လုံးချို့ယွင်းပျက်စီးတာကို မပြုပြင်ဘဲထားလိုက်ရင် နောက်အလုံးတွေကိုပါ လိုက်ပျက်စီးစေတတ်ပါတယ်။ တချို့ဆိုရင် မပြုပြင်ဘဲ ဒီအတိုင်းသုံးလို့ မောင်းတိန်းတွေပျက်ထွက်ပြီး အင်ဂျင်နဲ့ဆက်စပ်ပစ္စည်းတွေပါ မလိုအပ်ဘဲပျက်စီးတတ်တာမျိုးပါ ကြုံတွေ့ရပါတယ်။

၈။ MAF Sensors တွေမကောင်းတာ

MAF ဆိုတာကတော့ mass air flow sensor လို့ခေါ်ပြီး ခုနောက်ပိုင်း EFI (electronic fuel injection) စနစ်ကားတွေအတွက် အရေးပါတဲ့ sensor တစ်မျိုးပဲဖြစ်ပါတယ်။ ဒီကောင်လေးကိုတော့ ပုံမှန်အားဖြင့် air filter လေစစ်နဲ့ intake manifolds (inlet) ကြားထဲမှာ တပ်ဆင်ထားပါတယ်။ ဒီကောင်လေးရဲ့ အလုပ်လုပ်ပုံကတော့ အင်ဂျင်ထဲကိုဝင်လာတဲ့လေပမာဏကို တိုင်းတာတဲ့လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပါတယ်။ ဒီလိုတိုင်းတာလို့ရရှိတဲ့ ဒေတာအချက်အလက်တွေကို ကွန်ပျူတာဘောက် (ECM) ကိုပို့ဆောင်ပေးပါတယ်။ ECM ကနေ ရရှိလာတဲ့ ဒေတာအချက်အလက်တွေကိုဖတ်ပြီး injectors တွေကို ဆီဘယ်လောက်ပို့ရမယ်၊ လေတံခါးတွေကို ဘယ်လောက်ဖွင့်ပေးရမယ်ဆိုတာတွေကို ပြန်လည်ခိုင်းစေပါတယ်။ ဒီနေရာမှာ MAF ဆန်ဆာတွေ ကြေးကပ်ချို့ယွင်းပြီး အလုပ်လုပ်တာ မမှန်တော့ဘူးဆိုရင် ECM ကိုပို့ပေးတဲ့အချက်အလက်တွေ မှားယွင်းကုန်ပြီး ဆီလေအချိုးတွေ မမှန်တော့ပါဘူး။ ဒီမှာ အင်ဂျင်တုန်ခါမှုတွေ ဖြစ်ကုန်ပါတော့တယ်။ ဒါကြောင့် MAF ဆန်ဆာတွေကြောင့်လည်း အင်ဂျင်တုန်ခါမှုတွေဖြစ်နိုင်တယ်ဆိုတာ သိထားဖို့လိုအပ်လှပါတယ်။

တချို့ကားတွေမှာဆိုရင် MAF sensors တွေဟာ ကားဂီယာနဲ့ပါ ဆက်စပ်လုပ်ဆောင်ပြီး ဂီယာအချိန်းအပြုတွေကိုပါသွားပြီးအထောက်အကူပြုပေးတာတွေရှိပါတယ်။

ဒီအချက်တွေက ပုံမှန်ကားအနှေးလည်ပတ်နေတဲ့အချိန်မှာ အင်ဂျင်တုန်ခါမှုတွေကို ဖြစ်ပေါ်စေတဲ့ အခြေခံအချက်အလက်တွေဖြစ်ပါတယ်။ တကယ်လို့ ကားအင်ဂျင်မူမမှန်တဲ့ တုန်ခါမှုတွေဖြစ်နေမယ်ဆိုရင်၊ ဆီစားများတာတွေ ဖြစ်နေမယ်ဆိုရင်၊ မီးသံခေါက်တာတွေဖြစ်မယ်ဆိုရင်၊ တုန့်ဆိုင်းတုန့်ဆိုင်း အဆွဲအရုန်းကျနေမယ်ဆိုရင်တော့ ကားကိုကျွမ်းကျင်ဝပ်ရှော့တွေပို့ပြီး engine tuning လုပ်ရမှာပါ။ ပုံမှန်အားဖြင့်တော့ အင်ဂျင်တုန်ခါမှုတွေဟာ အထက်ကဖော်ပြထားတဲ့ အကြောင်းအရင်းတစ်ခုခြင်းကြောင့်ဖြစ်ပြီး တစ်ခါတစ်ရံမှာလည်း အကြောင်းအရင်း ၂ ခု၊ ၃ ခု စုပေါင်းပြီး ဖြစ်လာတာတွေရှိပါတယ်။ ဒါကြောင့် မူမမှန်တဲ့အင်ဂျင်တုန်ခါမှုတွေ ဖြစ်ပေါ်စေတဲ့အကြောင်းအရင်းတွေကို စုစည်းတင်ပြလိုက်ရတာပါ။

စာဖတ်သူ မိတ်ဆွေညီကိုမောင်နှမအားလုံးနည်းပညာဗဟုသုတကြွယ်ဝကြပါစေ။

စာရေးသူ : Lynn Za Nee (P.T.U)

Author

Comments