ချောင်ထိုးထားတဲ့မော်တော်ကားများအတွက် Fuel Stabilizer ဘာကြောင့်သုံးသင့်သလဲ

0

Full article

တကယ်လို့သင်ဟာ ကားတစ်စီးပိုင်ဆိုင်ထားပြီးတော့ သိပ်မမောင်းဖြစ်ဘူးဆိုရင် ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် သင့်ကားကို ဂိုထောင်ထဲမှာ သီတင်းပတ်တော်တော်ကြာ သိမ်းဆည်းထားခဲ့ရမယ်ဆိုရင် ကြိုတင်ကာကွယ်လုပ်ဆောင်စရာတစ်ခုရှိနေပါတယ်။ အဲဒါကတော့ သင့်ကားရဲ့ဆီတိုင်ကီထဲက လောင်စာဆီတွေ သန့်ရှင်းလတ်ဆတ်နေအောင် ထိန်းထားပေးနိုင်မယ့် Fuel Stabilizer တစ်မျိုးမျိုးကို ထည့်သွင်းပေးခဲ့ဖို့ပဲဖြစ်ပါတယ်။ အချိန်အတော်ကြာအသုံးမပြုတဲ့ကားတွေမှာ ဘာကြောင့် Fuel Stabilizer အသုံးပြုသင့်လဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း အကြောင်းပြချက်တွေရှိနေပါသေးတယ်။

အချိန်ကြာတာနဲ့အမျှ လောင်စာဆီပျက်စီးခြင်း

စာဖတ်သူအနေနဲ့ ကားကိုနေ့စဉ်ပုံမှန်မောင်းနှင်နေမယ်ဆိုရင်တော့ လောင်စာဆီကိုလည်း ပုံမှန်ဖြည့်တင်းနေရမှာဖြစ်လို့ ဆီတိုင်ကီထဲမှာ သိပ်ပြီးပြဿနာမရှိပါဘူး။ လတ်တလောထည့်လိုက်တဲ့လောင်စာဆီဟာ မကြာခင်မှာပဲကုန်သွားတဲ့အတွက် နောက်တစ်ကြိမ်ထပ်ထပ်ထည့်ရင်း လောင်စာဆီဟာ လတ်ဆတ်နေပါလိမ့်မယ်။ ဒါပေမဲ့ အထက်ကဆိုသလို အချိန်တော်တော်ကြာတဲ့အထိ လောင်စာဆီကို တိုင်ကီထဲမှာချန်ထားမယ်ဆိုရင်တော့ လေထုစိုထိုင်းဆ၊ အောက်စီဂျင်တို့ကြောင့် လောင်စာရဲ့ဓါတုဗေဒဖွဲ့စည်းပုံစနစ်ပျက်စီးတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ဆီဂျိုးကပ်တာမျိုးတွေဖြစ်တတ်ပြီး ကာဘရိုက်တာ (ဒါမှမဟုတ်) အင်ဂျင်အတွင်း Fuel Injection System ကို ပိတ်ဆို့တာမျိုးတွေဖြစ်တတ်ပါတယ်။

ဒီလိုပြဿနာရှိပြီဆိုရင် ကားစက်လည်း နှိုးမရတော့ပါဘူး။ လောင်စာဆီသွားလမ်းတစ်လျှောက်မှာ ပိတ်ဆို့ဂျိုးကပ်နေတဲ့ ဆီအညစ်အကြေးတွေကို ဖယ်ရှားသန့်စင်လိုက်ပြီး လောင်စာဆီအသစ်ပြန်ထည့်သွင်းမှသာ ပုံမှန်အတိုင်းပြန်ပြီး စက်နှိုးနိုင်မှာဖြစ်ပါတယ်။ ဒီပြဿနာမျိုးကို Fuel Stabilizer ထည့်သွင်းပေးခြင်းနဲ့ ကြိုတင်ကာကွယ်တားဆီးနိုင်မှာဖြစ်ပါတယ်။

Fuel Stabilizer က ဘယ်လို အကူအညီပေးသလဲ

မော်တော်ကားတွေအတွက် ထုတ်လုပ်ထားတဲ့ Fuel Stabilizer ဆိုတာက တိုင်ကီအတွင်းက လောင်စာတွေကို အချိန်ကြာလာတာနဲ့အမျှ ပျက်စီးယိုယွင်းလာခြင်းကနေ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ အခြေခံအားဖြင့် သင့်ကားရဲ့ဆီတိုင်ကီအတွင်းကို Fuel Stabilizer ထည့်သွင်းလိုက်ခြင်းအားဖြင့် လောင်စာဆီတွေကို လတ်ဆတ်အောင်ထိန်းထားပေးနိုင်ပြီး ပေါက်ကွဲစွမ်းအားကလည်း အပြည့်ရှိနိုင်ပါတယ်။ လောင်စာကသန့်ရှင်းနေတဲ့အတွက် လနဲ့ချီပြီးရပ်နားထားရင်တောင် ဆီသွားလမ်းကြောင်းတလျှောက် ဂျိုးကပ်တာမျိုးလည်း မရှိနိုင်တော့ပါဘူး။ ဒါဟာ ဘာ့ကြောင့်လဲဆိုတော့ Fuel Stabilizer ဟာ လောင်စာဓါတုဗေဒဖွဲ့စည်းပုံစနစ်ကို ပြိုကွဲစေတဲ့ Oxidation လို့ခေါ်တဲ့ အောက်စီဂျင်နဲ့ဓာတ်ပြုခြင်းဖြစ်စဉ်ကို ကာကွယ်တားဆီးပေးတာကြောင့်ပဲဖြစ်ပါတယ်။

Fuel Stabilizer နဲ့ ထိန်းထားတဲ့လောင်စာဆီကို စစ်ဆေးကြည့်မယ်ဆိုရင်လည်း အချိန်အကြာသိုလှောင်ထားတဲ့လောင်စာတွေဟာ မကြာသေးခင်ကမှ ဖြည့်တင်းထားတဲ့လောင်စာတွေလို အရည်အသွေးပြည့်မီပြီး ပေါက်ကွဲအားကောင်းမွန်တာကို တွေ့ရမှာဖြစ်ပါတယ်။ ကားကို ဂိုထောင်ထဲကထုတ်ပြီး အရေးပေါ်မောင်းနှင်ဖို့လိုအပ်ပြီဆိုရင်လည်း ဆီအဟောင်းတွေရှင်းထုတ်၊ ကာဘရိုက်တာကိုဆေးကြော၊ လောင်စာဆီအသစ်ထပ်ထည့်ရတဲ့ဒုက္ခတွေလည်း ကင်းဝေးသွားတော့မှာ ဖြစ်ပါတယ်။

Fuel Stabilizer ကို ဘယ်လိုအသုံးပြုမလဲ

စာဖတ်သူအနေနဲ့ ဆောင်းတွင်းတစ်ခုလုံး ကားကို သိမ်းထားမယ်ဆိုရင် (ဒါမှမဟုတ်) လအနည်းငယ်ကြာတဲ့အထိ ကားကိုထုတ်မောင်းဖို့အစီအစဉ်မရှိဘူးဆိုရင် ဆီတိုင်ကီထဲကို Fuel Stabilizer တစ်ဘူးဖောက်ထည့်လိုက်ပါ။ ဒါပေမဲ့ အရင်ဦးဆုံး ဆီတိုင်ကီထဲမှာ လောင်စာဆီပမာဏက ၉၅ ရာခိုင်နှုန်းပြည့်နေဖို့လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် လောင်စာအပြည့်ဖြည့်၊ Fuel Stabilizer ကို ဖောက်ထည့်လိုက်လို့ရပါတယ်။ အဲဒီနောက်မှာတော့ ကားကို ၅ မိနစ်ကြာစက်နှိုးပေးဖို့ လိုပါတယ်။ ဒီလိုစက်နှိုးပေးမှသာ Fuel Stabilizer ဟာ ဆီတိုင်ကီအတွင်းက လောင်စာဆီပမာဏအားလုံးထံ ပျံ့နှံ့ရောက်ရှိမှာပဲဖြစ်ပါတယ်။ Fuel Stabilizer ကို ပေါင်းစပ်ထည့်သွင်းထားခြင်းအားဖြင့် သင့်ကားရဲ့ဆီတိုင်ကီအတွင်းမှာရှိတဲ့ လောင်စာဆီကို လပေါင်း ၂၄ လကြာတဲ့အထိ သန့်ရှင်းလတ်ဆတ်နေအောင် ထိန်းသိမ်းပေးနိုင်မှာပဲဖြစ်ပါတယ်။ ပြီးတော့ Fuel Stabilizer ကို အီသနောပါတဲ့လောင်စာရော၊ အီသနောမပါတဲ့လောင်စာအမျိုးအစားတွေနဲ့ပါ ရောစပ်အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။ ယနေ့ခေတ်ဈေးကွက်မှာတော့ Fuel Stabilizer အမှတ်တံဆိပ်အမျိုးမျိုးလည်း ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။

Ref: Fuel Stabilizer for Cars: Why You Need It and How to Use It by GOLD EAGLE

Author

Comments