သင့်ကားအင်ဂျင်ဝိုင်ကို ခမ်းစေ၊ ပျောက်စေတဲ့ အချက်များ

0

Full article

ကားအင်ဂျင်ဝိုင်စားနေပြီ၊ အင်ဂျင်ကျနေပြီ၊ အင်ဂျင်မီးခိုးလိုက်နေပြီဆိုတာတွေက ကျနော်တို့ကားလောကပတ်ဝန်းကျင်မှာ အမြဲကြားနေကြစကားတွေပါ။ ဂျပန်တစ်ပတ်ရစ်ကားလောကမှာ အင်ဂျင်ဝိုင်စားတာကလည်း မကြာခဏကြုံတွေရတဲ့ရောဂါတစ်ခုပါပဲ။ အထူးသဖြင့် တစ်နေကုန်အင်ဂျင်ကိုမောင်းနှင်ခိုင်းစေတဲ့ Taxi ကားလောက က ကားလေးတွေမှာ အင်ဂျင်ဝိုင်အစားများတဲ့ ပြဿနာကြုံရမှု အများဆုံးပါ။ ဒီကနေ့ ကားအင်ဂျင်ဝိုင် အစားများစေတဲ့၊ အင်ဂျင်ဝိုင်ခမ်းစေ လျော့စေတဲ့ အကြောင်းလေးတွေကို ဆွေးနွေးတင်ပြပေးပါ့မယ်။

ကားအင်ဂျင်ဝိုင်ကို ဘာလို့သုံးတာလဲ?

ကားအင်ဂျင်ဝိုင်ဆိုတာက ကားအင်ဂျင်အတွက် မရှိမဖြစ်လိုအပ်တဲ့ အသက်သွေးဆိုတာ ကားမောင်းသူတိုင်း သိကြမှာပါ။ ဒါပေမဲ့ ကားအင်ဂျင်အတွက် အင်ဂျင်ဝိုင်ဘာလို့လိုအပ်တာလဲ ဆိုရင်တော့ တိတိကျကျသိတဲ့သူ နည်းသွားပါလိမ့်မယ်။ ကားအင်ဂျင်အတွက် အင်ဂျင်ဝိုင်ကို ဘာလို့မရှိမဖြစ်လိုအပ်တာလဲဆိုတဲ့ အဓိက အကြောင်းရင်းတွေကတော့......

အင်ဂျင်အတွင်းပိုင်းပစ္စည်းတွေ ပွန်းစားမှုတွေကို ကာကွယ်ပေးတယ်

ကားအင်ဂျင်တွေကို သတ္တုတွေ၊ သံတွေနဲ့ဖွဲ့စည်းတည်ဆောက်ထားပြီး အင်ဂျင်အတွင်းပိုင်းပစ္စည်းတွေဖြစ်တဲ့ Crankshaft (ကရိုင်း)၊ Piston (ပစ်စတင်)၊ Connecting Rod (ကွန်နက်တင်း)၊ Bearing (ဘယ်ရင်)၊ Valve အစရှိတဲ့ အင်ဂျင်အတွင်းပိုင်းပစ္စည်းတွေဟာလည်း သံတွေ၊ သတ္တုတွေ၊ သံနဲ့သတ္တုအစပ်အရောတွေနဲ့ ဖွဲ့စည်းထားတာပါပဲ။ ဒီပစ္စည်းတွေကို အင်ဂျင်အတွင်းပိုင်းမှာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်တွယ်ကပ်ထားပြီး အင်ဂျင်လည်ပတ်မှုတွေဖြစ်စေတာပါ။ ဒီလို သံနဲ့ သတ္တု ပစ္စည်းတွေတစ်ခုနဲ့တစ်ခုက ဒီအတိုင်း တိုက်ရိုက်ချိတ်ဆက်လည်ပတ်နေတာမဟုတ်ဘဲ၊ ပစ္စည်းတစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားတဲ့ ကြားထဲမှာ ဆီထု တစ်ထုစာ အကွာလေးတွေခြားနားထားပြီး ဆီထုလေးပေါ်မှာ လည်ပတ်ရတာပါ။ ဒီလိုမဟုတ်ဘဲ သတ္တုတွေ၊ သံတွေကို တိုက်ရိုက်ချိတ်ဆက်လိုက်မယ်ဆိုရင် 700 RPM, 800 RPM ကနေ RPM 1000, 2000 ကျော်အထိ လည်ပတ်နေရတဲ့ အင်ဂျင်အတွင်းပိုင်းပစ္စည်းတွေဟာတစ်ခုနဲ့တစ်ခုပွတ်တိုက်ပွန်းစားကုန်ပြီး အင်ဂျင်တစ်ခုလုံးပျက်စီးကုန်မှာပါ။ ဒီလိုမဖြစ်အောင် အင်ဂျင်အတွင်းပိုင်းပစ္စည်းတွေ တစ်ခုနဲ့တစ်ခုချိတ်ဆက်လည်ပတ်နေတဲ့နေရာမှန်သမျှ အင်ဂျင်ဝိုင်ဆိုတဲ့ ဆီလေးက ကြားဝင်ထမ်းထားပြီး လည်ပတ်စေခြင်းဖြင့် အင်ဂျင်အတွင်းပိုင်းပစ္စည်းတွေပွန်းစားမှုကို ကာကွယ်ပေးထားပါတယ်။

အင်ဂျင်အတွင်းပိုင်း သံချေးတက်ခြင်းနဲ့ သတ္တုကြေးတက်ခြင်းတွေကို ကာကွယ်ပေးတယ်

အင်ဂျင်ဝိုင်ရဲ့ နောက်ထပ်လုပ်ဆောင်ချက်တစ်ခုက ကျနော်တို့ အသုံးပြုနေတဲ့ ယနေ့ မော်တော်ကားတွေမှာတပ်ဆင်ထားတဲ့ သံအင်ဂျင်တွေ သတ္တုအင်ဂျင်ဘလောက်တုံးတွေရဲ့ အတွင်းပိုင်းတွေကို သံချေးတက်ခြင်း၊ သတ္တုကြေးတက်ခြင်းကနေ ကာကွယ်ပေးထားပါတယ်။

အင်ဂျင်အတွင်းပိုင်းပစ္စည်းတွေလည်ပတ်မှုကို ချောမွတ်စေပါတယ်

အင်ဂျင်ဝိုင်မှာပါတဲ့ ချောစေ ချော်စေတဲ့ ဂုဏ်သတ္တိက အင်ဂျင်အတွင်းပိုင်းပစ္စည်းတွေ လည်ပတ်မှုမှာ ပွတ်တိုက်မှု သက်သာနိုင်သမျှ သက်သက်သာသာနဲ့ ချောချော မွတ်မွတ်ဖြစ်အောင် အကူအညီပေး ထောက်ပံ့ပေးပါတယ်။

အင်ဂျင်အတွင်းပိုင်းပစ္စည်းတွေရဲ့ အပူချိန်ကိုလျော့ကျစေပါတယ်

အင်ဂျင်အတွင်းပိုင်း ပစ္စည်းတွေရဲ့ လည်ပတ်မှု၊ အင်ဂျင်အတွင်းပိုင်း မီးလောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ အင်ဂျင်အတွင်းပိုင်း မီးလောင်ခန်းတွေရဲ့ အပူချိန်တွေသက်သာအောင် အင်ဂျင်ဝိုင်က အအေးပေးစနစ်အနေနဲ့လုပ်ဆောင်ပေးပါတယ်။

အင်ဂျင်အတွင်းပိုင်းမှာရှိတဲ့အမှုန်အမွှားတွေကို သန့်စင်ပေးပါတယ်

အင်ဂျင်ဝိုင် က အင်ဂျင်အတွင်းပိုင်းမှာရှိတဲ့ သတ္တုအမှုန်အမွှားတွေ၊ သံအမှုန်အမွှားတွေနဲ့ အခြား အညစ်အကြေးတွေကို အင်ဂျင်ဝိုင်ဇကာစစ် (Engine Oil Filter) ထဲကို သယ်ယူသွားပြီး အင်ဂျင်အတွင်းပိုင်း ပစ္စည်းတွေကိုသန့်စင်ပေးပါတယ်။

အင်ဂျင်အတွင်းပိုင်းမှာ Seal အဖြစ်လုပ်ဆောင်ပေးတယ်

အင်ဂျင်အတွင်းပိုင်း၊ အထူးသဖြင့် Combustion Chamber (မီးလောင်ခန်းနံရံ) နဲ့ Piston တွေမှာ ပါတဲ့ Piston Rings တွေရဲ့ ကြားထဲမှာ Seal အဖြစ်လုပ်ဆောင်ပေးကာ အင်ဂျင်ခန်းထဲက မီးလောင်ပြီးသာ မီးခိုးတွေ အင်ဂျင်အတွင်းပိုင်းကို ပြန်လည်မဝင်ရောက်အောင်၊ အင်ဂျင်အတွင်းပိုင်း မီးလောင်ပေါက်ကွဲစဉ်မှာ ဖြစ်ပေါ်လာတဲ့ တွန်းကန်အားတွေ မဆုံးရှုံးရလေအောင် စွမ်းဆောင်ပေးပါတယ်။

ဒီအချက်တွေကတော့ အင်ဂျင်တစ်လုံးမှာ ဘာကြောင့်အင်ဂျင်ဝိုင်ကို မရှိမဖြစ်လိုအပ်ရတယ်ဆိုတဲ့ အဓိက အကြောင်းအချက်တွေပါပဲ။ အခြား အသေးထပ်စိတ်မယ်ဆိုရင် အင်ဂျင်ဝိုင်ရဲ့ အရေးပါတဲ့ ဂုဏ်သတ္တိတွေအများကြီးရှိပါသေးတယ်။

အင်ဂျင်ဝိုင်တွေ အင်ဂျင်ထဲမှာဘယ်လိုလည်ပတ်နေသလဲ?

အင်ဂျင်ဝိုင်တွေက အင်ဂျင်ရပ်ထား၊ စက်သတ်ထားချိန်မှာ အင်ဂျင်ရဲ့ အောက်ခြေမှာရှိတဲ့ Crankcase (ကရိုင်းကေ့) ထဲမှာရှိနေတာပါ။ အင်ဂျင်စက်စနှိုးလိုက်ပြီဆိုတာနဲ့  အင်ဂျင်မှာတွဲဖက်တပ်ဆင်ထားတဲ့ Oil Pump စတင်လည်ပတ်ပြီး အင်ဂျင်ရဲ့ အောက်ခြေမှာရှိတဲ့အင်ဂျင်ဝိုင်တွေကိုစုပ်ယူပါတယ်။ Oil Pump အများစုကတော့ Gear Pump အမျိုးအစားတွေကိုအသုံးပြုတာများပြီး High Pressure ဖြစ်အောင်တွန်းပို့နိုင်စွမ်းရှိပါတယ်။ အင်ဂျင်ဝိုင်ပန့်ကနေ အင်ဂျင်ဝိုင်တွေကိုစုပ်ယူပြီး အင်ဂျင်ဝိုင်ဇကာစစ် (Engine Oil Filter) ထဲကိုဖြတ်သန်းစေကာ၊ အင်ဂျင်ဝိုင်ထဲမှာပါဝင်တဲ့ ကြေးတွေ၊ အမှုန်အမွှားတွေကို စစ်ထုတ်ပါတယ်။ အဲဒီနောက်မှာမှ အင်ဂျင်ထဲမှာရှိတဲ့ အင်ဂျင်အစိတ်အပိုင်းတွေဆီကို ပန့်ရဲ့တွန်းအားနဲ့ အင်ဂျင်ဝိုင်တွေကိုတွန်းပို့ကာ အင်ဂျင်ဝိုင်လည်ပတ်မှုဖြစ်စဉ်တွေကိုဖြစ်ပေါ်စေပါတယ်။ ဒါကတော့ အင်ဂျင်အတွင်းပိုင်းမှာ အင်ဂျင်ဝိုင်လည်ပတ်ပုံ အခြေခံသဘောတရားအကျဉ်းချုပ်လေးပါ။

အင်ဂျင်ဝိုင်ဘာလို့စားရတာလဲ?

အင်ဂျင်ဝိုင်ဖြည့်ထားတာ မကြာသေးဘူး၊ အင်ဂျင်ဝိုင်တိုင်းကြည့်တော့ အင်ဂျင်ဝိုင် Level အမှတ်က လျော့နေပြီ၊ အင်ဂျင်ဝိုင်လဲထားတာ တစ်လမပြည့်သေးဘူး၊ ကီလို ၅၀၀၀ ထောင်မပြည့်သေးဘူး၊ အင်ဂျင်ဝိုင်လျော့သွားပြီဆိုရင်တော့ အောက်ပါ အချက်တွေကြောင့် ဖြစ်တာများပါတယ်။

အင်ဂျင်ဝိုင် ယိုစိမ့်မှုတွေကြောင့်

အင်ဂျင်ဝိုင်လျော့သွားရတဲ့ အဖြစ်များဆုံးနဲ့မြင်သာထင်သာအရှိဆုံးအချက်ကတော့ အင်ဂျင်ဝိုင်ယိုစိမ့်မှုတွေကြောင့်ဖြစ်ပါတယ်။ ဘယ်နေရာတွေကအများဆုံး ယိုစိမ့်တတ်သလဲဆိုရင်တော့ Tappet Seal (တိုက်ပစ်စီး) လို့ခေါ်တဲ့ Engine Head (အင်ဂျင်ဟက်) အဖုံးမှာရှိတဲ့ Seal လေးအပူရှိန်ကြောင့်မာသွားပြီး အင်ဂျင်ဝိုင်တွေကိုမထိန်းနိုင်တော့ရင် အင်ဂျင်ဝိုင်ယိုစိမ့်မှုတွေဖြစ်ပြီး အင်ဂျင်ဝိုင်လျော့တတ်ပါတယ်။ ဒီလိုဆိုရင်တော့ အင်ဂျင်ဟက်အဖုံးကိုခွာပြီး ဒီတိုက်ပစ်စီးလေးကို အသစ်လဲလှယ်ပေးရမှာပါ။

ရှေ့ခြမ်း Oil Seal လို့ခေါ်ကြတဲ့အင်ဂျင်အရှေ့ခြမ်းမှာရှိတဲ့ Camshaft Oil Seal တွေ၊ Crankshaft Oil Seal တွေကလည်းအင်ဂျင်ဝိုင်တွေယိုစိမ့်တတ်ပါတယ်။ ဒါကတော့ Belt လို့ခေါ်တဲ့ Belt ကြိုးကို အသုံးပြုထားတဲ့ အင်ဂျင်တွေမှာအဖြစ်များပါတယ်။ အခြား Chain Type အင်ဂျင်တွေမှာလည်း အင်ဂျင်အရှေ့ခြမ်းမှာရှိတဲ့ Oil Seal တွေကနေယိုစမ့်မှုတွေဖြစ်နိုင်ပါတယ်။

Main Oil seal ကနေ အင်ဂျင်ဝိုင်ယိုစိမ့်တာ

ဒါကလည်း ဂျပန်တပတ်ရစ်ကားတွေမှာအဖြစ်များတဲ့ အင်ဂျင်ဝိုင်လျော့စေတဲ့ ပြဿနာပါ။ Main Oil Seal ဆိုတာက အင်ဂျင်နဲ့ဂီယာဘောက်နှစ်ခုကြားထဲမှာတည်ရှိတဲ့ Seal တစ်ခုပါ။  ဒီလိုမျိုး Main Oil Seal မှာ အင်ဂျင်ဝိုင်တွေယိုစိမ့်တယ်ဆိုရင်တော့ ကားရပ်ထားတဲ့အချိန် အင်ဂျင်အောက်ဖက်မှာ အင်ဂျင်ဝိုင်ဆီကွက်တွေကျနေတာ မြင်ရမှာဖြစ်ပါတယ်။ ဒီလိုယိုစိမ့်လို့ အင်ဂျင်ဝိုင်လျော့တာများနေပြီဆိုရင်တော့ အင်ဂျင် ဒါမှမဟုတ်၊ ဂီယာဘောက်တစ်ခုခု ဒါမှမဟုတ် အင်ဂျင်ဂီယာဘောက်အတွဲလိုက်ဖြုတ်ချပြီး Main Oil Seal ကို အသစ်လဲလှယ်ရမှာဖြစ်ပါတယ်။

Engine Gasket ပျက်တာ

Engine Gasket ဆိုတာ Engine Head နဲ့ Engine Block ကြားထဲမှာရှိတာပါ။ အဲဒီ Engine Gasket ပျက်စီးသွားရင်လည်း Engine Oil တွေပျောက်တတ်၊ လျော့သွားတတ်ပါတယ်။ တချို့ Engine Gasket ပျက်သွားတဲ့အခါ Engine ထဲက Engine Oil တွေဟာ Engine အအေးပေးစနစ်ထဲက Coolant လိုင်းထဲကို ရောသွားပြီး ရေတိုင်ကီ (radiator) ထဲမှာ Coolant နဲ့ Engine Oil အရောအနှော ဖြူဖျော့ဖျော့ အရောင်တွေ၊ ဖြူဖျော့ဖျော့ အနည်တွေအဖြစ်မြင်တွေ့ရမှာပါ။ ဒါဆိုရင်တော့ Head Gasket ပျက်ပြီး Engine Oil ပျောက်ဆုံးသွားတာမျိုးပါ။

Valve Oil Seal နဲ့ Valve Guide တွေမကောင်းတာ

ဒါကတော့ Engine Head ပြဿနာပါ။ ကားလောက က လူတွေဆို ငါ့ကား Head ဖွင့်ရမယ်၊ အပေါ်ခြမ်း ဖွင့်ရမယ်၊ ဘားစိ၊ ဘားဂိုက်မကောင်းလို့ ဘာညာ ပြောတာကြားဖူးမှာပါ။ တကယ်က Valve Oil Seal နဲ့ Valve Guide တွေကိုပြောတာပါ။ အဲဒါတွေ မကောင်းရင် အင်ဂျင်ဝိုင်ကိုမထိန်းထားနိုင်တော့ဘဲ အင်ဂျင်မီးလောင်ခန်းထဲကို အင်ဂျင်ဝိုင်တွေယိုစိမ့်ပြီးမီးလောင်စေကာ အင်ဂျင်ဝိုင်ခမ်းမှု၊ လျော့မှုတွေကို ဖြစ်ပေါ်စေမှာပါ။ ဒါမျိုးဖြစ်လာတယ်ဆိုရင် ကားကို Idle အခြေအနေ၊ Slow အခြေအနေမှာ စက်နှိုးထားစဉ် အိတ်ဇောမှာ အပြာရောင်မီးခိုးတွေ ထွက်လာတာ၊ မီးခိုးလိုက်လာတာတွေ မြင်ရမှာဖြစ်ပါတယ်။

Piston Rings တွေမကောင်းတာ

ဒါကတော့ အင်ဂျင်ထဲမှာတပ်ဆင်ထားတဲ့ Pistons တွေရဲ့ Rings တွေမကောင်းရင်လည်း ကား အင်ဂျင်ဝိုင်စားတတ်ပါတယ်။ ကားမှာရှိတဲ့ Pistons တွေမှာပုံမှန်အားဖြင့် Rings သုံးမျိုးတပ်ဆင်ထားပြီး အပေါ်ဆုံးမှာရှိတဲ့ Rings တွေက Power Rings တွေဖြစ်ပါတယ်။ အောက်ဆုံးမှာရှိတဲ့ Rings တွေကတော့ ဆီထိန်း Rings လို့ခေါ်တဲ့ Pistons တွေ အောက်ဆင်းချိန်မှာ Engine Oil တွေကို အောက်ကို ပြန်လည်ဆွဲချသွားတဲ့ Rings တွေပါ။ ဒီ Rings တွေက အင်ဂျင်ရဲ့ Sleeve (စလစ်) ဆိုတဲ့မီးလောင်ခန်း နံရံနဲ့ အမြဲပွတ်တိုက်နေတာကြောင့် အချိန်ကြာလာတာနဲ့ပွန်းစားလာပါတယ်။ သက်တမ်းကြာရှည်စွာ အသုံးပြုထားတဲ့အင်ဂျင်တွေမှာဆိုရင် Sleeve နံရံရော၊ Rings တွေရောပွန်းစားကုန်ပြီး ကြားထဲမှာ နေရာလွတ် Clearance တွေဖြစ်ကုန်ပါတယ်။ အဲဒီနေရာလွတ်တွေကနေတစ်ဆင့် အင်ဂျင်ဝိုင်တွေဟာ အင်ဂျင်မီးလောင်ခန်းထဲရောက်မီးလောင်ပါတယ်။ အဲဒါကြောင့် အင်ဂျင်ကျလာတဲ့ လက္ခဏာတရပ်ဖြစ်တဲ့ အင်ဂျင်မီးခိုးလိုက်တာတွေဖြစ်ကုန်ပြီး အင်ဂျင်ဝိုင်စားများလာပါတယ်။ အင်ဂျင်ဝိုင်လဲတာမကြာသေးဘူး၊ ထပ်ဖြည့်ရမယ် ဒီလိုမျိုးဖြစ်လာတယ်ဆိုရင်ပိုပြီး Grade မြင့်တဲ့ ပိုစေးပြစ်တဲ့အင်ဂျင်ဝိုင်အမျိုးအစားသုံးကာ ရေတိုကုသလို့နိုင်ပါတယ်။ ဒါပေမဲ့ ရေရှည်ကောင်းချင်တယ်ဆိုရင်တော့ အင်ဂျင်တစ်ခုလုံးချပြီး ပြုပြင်ရမှာဖြစ်ပါတယ်။

အမျိုးအစားညံ့တဲ့ အင်ဂျင်ဝိုင်တွေသုံးစွဲတာ

အင်ဂျင်ဝိုင် အမျိုးအစားညံ့တာတွေ၊ Grade မပြည့်တာတွေ၊ Standard မမီတာတွေကြောင့်လည်း အင်ဂျင်ဝိုင်စားများတာ၊ အင်ဂျင်ဝိုင်ခမ်းတာတွေ ဖြစ်တတ်ပါတယ်။ အခုခေတ်မှာလည်း အင်ဂျင်ဝိုင် အမျိုးအစားပေါင်းများစွာ ဈေးကွက်ထဲရောက်နေပြီး၊ တချို့အင်ဂျင်ဝိုင် အရည်အသွေးမမီတာတွေလည်းအများကြီးပါ။ ဈေးပေါတဲ့ အင်ဂျင်ဝိုင်တွေသုံးမိတာ၊ ကားအင်ဂျင်နဲ့ မကိုက်ညီတဲ့ အင်ဂျင်ဝိုင်တွေ သုံးစွဲမိတာတွေကြောင့်လည်း အင်ဂျင်အပူချိန်ကိုခံနိုင်ရည် မရှိတာကြောင့် အင်ဂျင်ဝိုင်ခမ်းခြောက်တာ၊ အင်ဂျင်ဝိုင်ဂျိုးတွေတက်တာတွေဖြစ်ပြီး အင်ဂျင်ဝိုင်ပျောက်တာတွေ ဖြစ်တတ်ပါတယ်။

(စာကြွင်း : အင်ဂျင်ဝိုင်နဲ့ပတ်သက်တာတွေရဲ့ အသေးစိတ်ကိုတော့ နောက်ဆောင်းပါးတွေမှာ ရေးသားသွားပါ့မယ်)

ဒီအချက်တွေကတော့ ကားအင်ဂျင်ဝိုင်ပျောက်ဆုံးစေ၊ ခမ်းခြောက်စေတဲ့ အဖြစ်များဆုံးအကြောင်းချက်တွေဖြစ်ပါတယ်။ ကားအင်ဂျင်ဝိုင်ဟာ ပုံမှန် ကားအင်ဂျင်ရဲ့ Mechanism တွေမှန်ကန်စွာအလုပ်လုပ်နေတယ်ဆိုရင် ကီလို ၅၀၀၀ ပြည့်သည့်တိုင်အောင် အင်ဂျင်ဝိုင်ညစ်နွမ်းသွားတာက လွဲလို့ ပျောက်ဆုံးမှုမဖြစ်နိုင်ပါ။ ဒီလိုမဟုတ်ဘဲ အင်ဂျင်ဝိုင်လျော့သွားတယ်၊ အင်ဂျင်ဝိုင်ခမ်းသွားတယ်ဆိုရင်တော့ ကားအင်ဂျင်မှာ ချို့ယွင်းမှုတစ်ခုခုဖြစ်နေလို့ပါ။ ဒီလိုဆိုရင်တော့ သေချာစစ်ဆေးပြီး အင်ဂျင်ဝိုင်ခမ်းမှုကြောင့် အင်ဂျင်ပျက်စီးမှုတွေမဖြစ်ခင် အချိန်မီပြုပြင်ထိန်းသိမ်းရမှာဖြစ်ပါတယ်ခင်ဗျာ။

စာဖတ်သူမိတ်ဆွေများအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။

Author

Comments