မိုးရာသီအတွက် သင့်ကားကို အသင့်ပြင်ဆင်ခြင်း

0

Full article

လက်ရှိချဉ်းနင်းဝင်ရောက်လာပြီဖြစ်တဲ့ မိုးရာသီဟာ ယာဉ်မောင်းတွေအတွက် သိပ်ကိုအန္တရာယ်များတဲ့ အချိန်ကာလဖြစ်ပါတယ်။ အနောက်ဥရောပနိုင်ငံတွေမှာတော့ ဆီးနှင်းတွေကျတဲ့ ဆောင်းရာသီမျိုးမှာ ယာဉ်မတော်တဆမှုတွေကြုံရလေ့ရှိပြီး ကမ္ဘာ့အရှေ့ခြမ်းနဲ့ အီကွေတာအနီးတစ်ဝိုက်က နိုင်ငံတွေမှာတော့ မိုးရာသီဟာ ယာဉ်မတော်တဆမှုအဖြစ်အများဆုံး ရာသီဥတုပဲဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းနှိုင်းယှဉ်ကြည့်ရင်တော့ အီကွေတာနိုင်ငံတွေမှာ မိုးရာသီအတောအတွင်းဖြစ်ပွားတဲ့ ယာဉ်တိုက်မှုနှုန်းဟာ အနောက်နိုင်ငံတွေရဲ့ ဆောင်းရာသီယာဉ်တိုက်မှုနှုန်းထက် ပိုမိုများပြားနေတာကိုတွေ့ရပါတယ်။

မိုးရာသီမှာ ယာဉ်မောင်းသူတွေအများဆုံးကြုံတွေ့ရတဲ့အခက်အခဲတွေက မြင်ကွင်းမှုန်ဝါးတာ၊ စွတ်စိုမှုကြောင့် လမ်းချော်တာ၊ မော်တော်ကားရဲ့ အစိတ်အပိုင်းတချို့ ချို့ယွင်းမှုတွေဖြစ်ပေါ်တတ်တာပါပဲ။ ဒါကြောင့် မိုးရာသီမှာ သင့်ရဲ့ကားကို အန္တရာယ်ကင်းကင်းနဲ့မောင်းနှင်နိုင်ဖို့အတွက် နိုင်ငံတကာက ကျွမ်းကျင်သူပညာရှင်တွေရဲ့ အကြံပြုချက်တွေရှိထားပါတယ်။ အဲဒီအထဲက မြန်မာနိုင်ငံရဲ့လမ်းကြောအခြေအနေ၊ မြန်မာပြည်တွင်းက မော်တော်ကားတွေနဲ့ ကိုက်ညီမယ့်အကြံပြုချက်တွေကို ရှာဖွေတင်ဆက်လိုက်ရပါတယ်။

စံနှုန်းကိုက်တာယာများ အသုံးပြုခြင်း

စိုစွတ်တဲ့လမ်းတွေပေါ်မှာ မောင်းနှင်တဲ့အခါ တာယာတွေပေါ်က ပန်းတွေနဲ့ ရေခွဲမြောင်းတွေတိမ်နေမယ်၊ ပါးနေမယ်၊ (တစ်နည်းအားဖြင့် ) တာယာကတုံးဖြစ်နေမယ်ဆိုရင် လမ်းချော်တာ၊ အရှိန်ထိန်းဖို့ခက်ခဲတာ၊ ရုတ်တရက်ဘရိတ်အုပ်ပြီဆိုရင် လျှောထွက်သွားတာမျိုးဖြစ်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ကားတာယာတွေမှာရှိတဲ့ ပန်းတွေရဲ့ပျမ်းမျှအထူက ၁ ဒသမ ၆ မီလီမီတာရှိရမယ်လို့ ဆိုပါတယ်။ ရေခွဲမြောင်းတွေ၊ လိုင်းတွေပါးလွန်းနေရင်လည်း လမ်းချော်နိုင်ခြေများတာကြောင့် သတိထားစစ်ဆေးဖို့ လိုအပ်မှာပါ။ တချို့ယာဉ်မောင်းတွေဟာ သတ်မှတ်စံနှုန်းအောက်ရောက်နေတဲ့ တာယာမျိုးကိုမလဲဘဲ မြို့တွင်းလမ်းမတွေပေါ် မောင်းနှင်နေတာမျိုးမကြာခဏတွေ့ဖူးကြပါလိမ့်မယ်။ တာယာပန်းပါးခြင်းဟာ အသက်ဆုံးတဲ့အထိ အန္တရာယ်ကြုံတွေ့ရနိုင်တဲ့ချို့ယွင်းချက်မျိုးဖြစ်တာကြောင့် တာယာမှာရှိတဲ့ပန်းအထူကို သတ်မှတ်စံနှုန်းအောက်ရောက်မသွားအောင် ကြိုတင်ပြင်ဆင်လဲလှယ်သင့်ပါတယ်။

သက်တမ်းလွန်ရေသုတ်တံများကို လဲလှယ်ခြင်း

မိုးရာသီမှာ မော်တော်ကားတစ်စီးအတွက် အလိုအပ်ဆုံးအစိတ်အပိုင်းတွေထဲမှာ ရေသုတ်တံတွေက အဓိကပါဝင်နေပါတယ်။ ရေသုတ်တံတွေနဲ့ အသွားမှာပါတဲ့ရော်ဘာတွေကို သတ်မှတ်သက်တမ်းအတိုင်းအသုံးပြုသင့်သလို ပုံမှန်စွမ်းဆောင်ရည်မရှိတော့ဘူးဆိုရင်လည်း ချက်ချင်းလဲလှယ်သင့်ပါတယ်။ ပျမ်းမျှအားဖြင့် ရေသုတ်တံတွေရဲ့ပုံမှန်သက်တမ်းက ၂ နှစ်လို့ သိရပါတယ်။

ကလပ်နဲ့ဘက်ထရီကို ကြိုတင်စစ်ဆေးခြင်း

Manual ဂီယာစနစ်သုံးတဲ့ကားတွေမှာ ကလပ်ဟာ အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုပါပဲ။ ကလပ်နင်းချိန်မှာ တင်းလွန်းတာ၊ လျော့လွန်းတာနဲ့ မကြာခဏညှော်နံ့ထွက်နေပြီဆိုရင် ပုံမှန်စွမ်းဆောင်ရည်မရှိတော့ဘူးလို့ ယူဆရမှာပဲဖြစ်ပါတယ်။ မိုးရာသီမှာဆိုရင် စိုစွတ်နေတဲ့လမ်းတွေကြောင့် တာယာကုတ်အားက အားလျော့သွားပါလိမ့်မယ်။ ဒီအချိန်မှာ အရှိန်လျော့ဖို့ (ဒါမှမဟုတ်) ကြိုတင်ရပ်တန်ဖို့လိုအပ်တဲ့အကွာအဝေးက ပိုပြီးလိုအပ်လာပါပြီ။ ဒါ့အပြင် ရန်ကုန်မြို့ရဲ့လမ်းမတွေဟာ မိုးရွာပြီဆိုတာနဲ့ ယာဉ်ကြောပိတ်ဆို့တတ်တာကြောင့် ကလပ်ကိုအသုံးပြုရနှုန်း ပိုမိုမြင့်မားလာပါတယ်။ ကလပ်စွမ်းဆောင်ရည်ပုံမှန်အခြေအနေမှာမရှိရင် မိုးရာသီမှာ အန္တရာယ်ကြုံရနိုင်ခြေက ထက်ဝက်လောက်မြင့်တက်လာနိုင်ပါတယ်။ ဒါကြောင့် မိုးတွင်းဝင်ရောက်လာပြီဆိုတာနဲ့ သင့်ကားရဲ့ကလပ်ကို သေချာစစ်ဆေးသင့်သလို ပုံမှန်စွမ်းဆောင်ရည်ရဖို့လည်း ပြင်ဆင်ထားသင့်ပါတယ်။

နောက်တစ်ချက်က ဘက်ထရီပါ။ ကားအင်ဂျင်စက်နှိုးတိုင်း ချောချောမောမောမနိုးတာ၊ အထပ်ထပ်အခါခါနှိုးနေရတာမျိုးဆိုရင် ဘက်ထရီအားနည်းနေပြီလို့ ယူဆနိုင်ပါတယ်။ မိုးရာသီမှာ အအေးဓာတ်ပိုလာတာကြောင့်လည်း မနက်ခင်းမှာ ကားစက်နှိုးတော့မယ်ဆိုရင် ဘက်ထရီအားပြည့်နေဖို့အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ရင် ကားစက်နှိုးဖို့ကြန့်ကြာနေတာနဲ့ သင့်ရဲ့တစ်နေ့တာလုပ်ငန်းခွင်အတွက်လည်း နှောင့်နှေးမှုတွေဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ရေလွှမ်းမိုးတဲ့လမ်းတွေကိုဖြတ်မောင်းတဲ့အခါမှာလည်း စက်ရပ်သွားချိန်မှာ ချက်ချင်းစက်ပြန်မနှိုးနိုင်ဘူးဆိုရင် နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ပါသေးတယ်။ ဒါကြောင့် သင့်ကားဘက်ထရီဟာ မိုးတွင်းအတွက် စစ်ဆေးပြင်ဆင်သင့်တဲ့နောက်ထပ်လိုအပ်ချက်တစ်ခုပါ။

ဘရိတ်များကို စစ်ဆေးလဲလှယ်ခြင်း

မိုးရာသီရဲ့စွတ်စိုမှုနဲ့ မြင်ကွင်းမရှင်းလင်းမှုတွေကြောင့် ကားမောင်းနေစဉ် သင့်ရဲ့ညာဘက်ခြေထောက်ဟာ ဘရိတ်တံပေါ်မှာ အမြဲလိုလိုမှေးတင်ထားရဖို့များပါတယ်။ ဒါ့ကြောင့် ဘရိတ်တွေကို စစ်ဆေးပြင်ဆင်ဖို့ မေ့လျော့နေတယ်ဆိုရင်တော့ သိပ်ကိုကြီးမားတဲ့အမှားတစ်ခုကို ကျူးလွန်လိုက်သလိုဖြစ်သွားမှာပါ။ လမ်းမတွေစွတ်စိုနေရင် ကားရပ်တန့်နိုင်တဲ့အကွာအဝေးဟာ လမ်းခြောက်သွေ့နေချိန်ထက် ၂ ဆခန့်လိုအပ်တာကြောင့် ဘရိတ်တွေပုံမှန်အလုပ်လုပ်ဖို့ အဓိကလိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဘရိတ်အုပ်ချိန်မှာ သာမန်မဟုတ်တဲ့အခြေအနေမျိုးကြုံတွေ့တာ၊ အသံမြည်နေတာမျိုးဆိုရင်လည်း သင့်ကားရဲ့ဘရိတ်စွမ်းဆောင်ရည်ဟာ ပုံမှန်အခြေအနေမဟုတ်ဘူးလို့ ယူဆနိုင်ပါတယ်။ ဒါဆိုရင်တော့ မိုးရာသီရောက်လာပြီဆိုတာနဲ့ သင့်ကားရဲ့ဘရိတ်ရှူးတွေကို သတ်မှတ်စံနှုန်းနဲ့ညီ/မညီ စစ်ဆေးရမှာဖြစ်ပြီး ဘရိတ်ဆီအခြေအနေကိုလည်း နေ့စဉ်စစ်ဆေးသင့်ပါတယ်။

ရှေ့မီးကြီးနဲ့ အချက်ပြမီးတွေ စစ်ဆေးခြင်း

မိုးသည်းသည်းမဲမဲရွာနေလို့ မြင်ကွင်းမရှင်းဘူးဆိုရင် သင့်ကားရဲ့ရှေ့မီးကြီးတွေကိုဖွင့်ပြီးမောင်းနှင်ရမှာပါ။ ဒါဆိုရင် မီးကြီးတွေဟာ အပေါ်၊ အောက်ပြောင်းလဲနိုင်တဲ့အခြေအနေ ၂ မျိုးစလုံးမှာ လင်း/မလင်း စစ်ဆေးထားသင့်ပါတယ်။ အချက်ပြမီးတွေဟာလည်း မြင်ကွင်းမှုန်ဝါးချိန်မှာ အဓိကကျတဲ့အမှတ်အသား၊ လမ်းညွှန်မှုတွေ လုပ်နိုင်တာကြောင့် ပုံမှန်အခြေအနေမှာ ရှိ/မရှိစစ်ဆေးထားရမှာပါ။

Fuse နဲ့ ကားအတွင်းပိုင်း ပစ္စည်းတချို့အပိုဆောင်ထားခြင်း

မိုးတွင်းမှာ ရေငွေ့ရိုက်လို့ (ဒါမှမဟုတ်) ရေနဲ့ထိတွေ့လို့ ကားအတွင်းက Fuse ပြတ်သွားတာမျိုးကြုံတွေ့နိုင်ပါတယ်။ ဒါ့အပြင် ကားမီးပိုင်းနဲ့ဆိုင်တဲ့ ပစ္စည်းတချို့ပုံမှန်အလုပ်မလုပ်တာ၊ ပျက်တာမျိုးလည်း ကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးနည်းလမ်းကတော့ သင့်ကားမှာရှိတဲ့ Fuse နဲ့ တခြားလျှပ်စစ်အပိုပစ္စည်းတွေကို အပိုဆောင်ထားဖို့ပါပဲ။

ကားဆေးသားကို ဖယောင်းတင်ခြင်း

စွတ်စိုတဲ့အခြေအနေမှာ ကားကိုယ်ထည်က ဆေးသားတွေဟာ ကုတ်အား(စွဲကပ်အား) လျော့ကျလာလေ့ရှိပါတယ်။ ဒါ့အပြင် လေထုစိုထိုင်းမှုကြောင့် ဖုန်မှုန့်နဲ့ မီးခိုးငွေတွေရိုက်ပြီး ကားဆေးသားအပေါ်ယံလွှာတွေကို ပျက်စီးစေတတ်ပါသေးတယ်။ အထူးသဖြင့် စက်မှုဇုန်လိုနေရာမျိုးမှာ လေထုညစ်ညမ်းမှုပိုများပြီး စွတ်စိုမှုနဲ့ပေါင်းလိုက်ချိန်မှာ သင့်ကားရဲ့ဆေးသားကို အဓိကဒုက္ခပေးပါတော့တယ်။ ဒါ့ကြောင့် မိုးတွင်းရောက်ပြီဆိုတာနဲ့ သင့်ကားကိုဖယောင်တင်ပြီး ဆေးသားပျက်စီးမှုဒဏ်ကို ကြိုတင်ကာကွယ်ထားသင့်ပါတယ်။

ရာဘာကြမ်းခင်းများ ပြောင်းလဲအသုံးပြုခြင်း

ချည်ထည်၊ အဝတ်အထည်နဲ့ပြုလုပ်ထားတဲ့ မော်တော်ကားအောက်ကြမ်းခင်း၊ ကော်ဇောတွေဟာ ရွှံ့တွေ၊ ရေတွေနဲ့ထိတွေ့တဲ့အခါမှာ ညစ်ပေသွားပြီး ပြန်ခြောက်သွေ့ဖို့ခက်ခဲသလို သန့်ရှင်းရေးလုပ်ဖို့လည်း ခက်ခဲပါတယ်။ ပြီးတော့ အဝတ်ကိုရေစိုတာကြောင့် ကားအတွင်းမှာ မကောင်းတဲ့အနံ့အသက်တွေလည်း ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် မိုးတွင်းရောက်ပြီဆိုတာနဲ့ အလွယ်တကူဆေးကြောသန့်ရှင်းနိုင်တဲ့ ရော်ဘာ၊ ပလတ်စတစ်ကြမ်းခင်းတွေကို ပြောင်းလဲအသုံးပြုသင့်ကြောင်း အကြံပြုဖော်ပြလိုက်ရပါတယ်။

စာရေးသူ: ကိုဆွဲ (မုံရွာ)

Author

Comments