ယာဉ်တိုက်မှုများနှင့် ဒုစရိုက်မှုများ လျော့နည်းကျဆင်းရေးအတွက် တရားမဝင်မော်တော်ဆိုင်ကယ်စီးနင်းမှုများကို အရှိန်အဟုန်မြှင့်ဖမ်းဆီးအရေးယူသွားမည်ဟုဆို

0

Full article

မော်တော်ဆိုင်ကယ်ကြောင့်ဖြစ်ပွားသည့် ယာဉ်တိုက်မှုနှင့် ဒုစရိုက်မှုများ လျော့နည်းကျဆင်းရေးအတွက်  တရားမဝင်ဆိုင်ကယ်စီးနင်းမှုများကို အရှိန်အဟုန်မြှင့်ပြီး ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ် ၄၅ မြို့နယ်ရှိပြီး မော်တော်ဆိုင်ကယ်စီးနင်းခွင့်ပြုထားသော မြို့နယ် ၁၄ မြို့နယ်နှင့် စီးနင်းခွင့်မပြုသောမြို့နယ် ၃၁ မြို့နယ်ရှိကြောင်း၊ စီးနင်းခွင့်မပြုသည့် မြို့နယ်များတွင် မော်တော်ဆိုင်ကယ် စီးနင်းခြင်းမပြုရေးအတွက် ပညာပေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး လိုက်နာမှုမရှိသောမော်တော်ဆိုင်ကယ်စီးနင်းသူများကို ဖမ်းဆီးအရေးယူလျက်ရှိရာ ၁.၁.၂၀၁၈ မှ ၃၁.၁၂.၂၀၁၈ အထိ မော်တော်ဆိုင်ကယ်စီးရေ ၄,၇၆၆ စီး၊ ၁.၁.၂၀၁၉ မှ ၃၁.၅.၂၀၁၉ အထိ တရားမဝင်စီးနင်းနေသော မော်တော်ဆိုင်ကယ်အစီးရေ ၃,၄၅၂ စီး၊ စုစုပေါင်း ၈,၂၁၈ စီး ဖမ်းဆီးအရေးယူခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိတွင်လည်း စီးနင်းခွင့်မရှိသောမြို့နယ်များတွင် မော်တော်ဆိုင်ကယ် စီးနင်းမှုမရှိစေရေးအတွက် စည်းကမ်းထိန်းသိမ်း အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ်အတွင်း မော်တော်ဆိုင်ကယ်ကြောင့်ဖြစ်ပွားသည့် ယာဉ်တိုက်မှု ၆၄၄ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၈၄ ဦး၊ ဒဏ်ရာရရှိသူ ၈၉၄ ဦးအထိရှိခဲ့ရာ ၂၀၁၉ ခုနှစ်အတွင်း၌ ၁.၁.၂၀၁၉ မှ ၃၁.၅.၂၀၁၉ အထိ မော်တော်ဆိုင်ကယ်နှင့်ပတ်သက်သည့်ယာဉ်တိုက်မှု ၂၆၅ မှုရှိခဲ့ပြီး သေဆုံးသူ ၉၉ ဦး၊ ဒဏ်ရာရရှိသူ  ၃၁၁ ဦးရှိခဲ့သည့်အပြင် မော်တော်ဆိုင်ကယ်အသုံးပြု၍ ဒုစရိုက်ကျူးလွန်မှုများမှာ ၂၀၁၉ ခုနှစ်အတွင်း၊ ဇွန်လ ၁၅ ရက်နေ့အထိတွင် လူသတ်မှု ၁မှု၊ လုယက်မှု ၁၀ မှု၊ စုစုပေါင်း ၁၁ မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ထို့ကြောင့် မော်တော်ဆိုင်ကယ်ကြောင့်ဖြစ်ပွားသည့် ယာဉ်မတော်တဆမှုများနှင့် ဒုစရိုက်မှုများ လျော့နည်းကျဆင်းရေးအတွက် တရားမဝင်မော်တော်ဆိုင်ကယ်စီးနင်းမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှပြောကြားခဲ့သည်။


Reporter: Zing

Author

Comments