City taxi မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းကို ၂၀၁၉ စက်တင်ဘာလ ၃၀ ရက်နေ့နောက်ဆုံးထားဆောင်ရွက်သွားရမည်ဟုဆို

0

Full article

City taxi များမှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းကို ၂၀၁၉ စက်တင်ဘာလ ၃၀ ရက်နေ့နောက်ဆုံးထား၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။

City Taxi မှတ်ပုံတင်ရာတွင် ‘ယာဉ်သစ်’ မှတ်ပုံတင်ခြင်းအတွက် လိုအပ်သောစာရွက်စာတမ်းများမှာ သက်တမ်းရှိ ဝှီးတက် မိတ္တူ ၂ စုံ၊ သက်တမ်းရှိ ‘ဂ’ လုပ်ငန်းလိုင်စင်မိတ္တူ (တြိဂံ) ၁ စုံ၊ သက်တမ်းရှိ လုပ်ငန်းအပိုင်း (၁) စာအုပ်မိတ္တူ ၁ စုံ၊ သက်တမ်းရှိ လုပ်ငန်းအပိုင်း (၂) မိတ္တူ ၁ စုံ၊ သက်တမ်းရှိ ယာဉ်ပိုင်ရှင်စာအုပ် (Owner book) မိတ္တူ ၁ စုံ၊ ပိုင်ရှင်အမည်မပေါက်ပါက အရောင်းအဝယ်စာချုပ် မိတ္တူ ၁ စုံ၊ ယာဉ်ပိုင်ရှင်အိမ်ထောင်စုစာရင်း မိတ္တူ ၁ စုံ၊ ယာဉ်ပိုင်ရှင် မှတ်ပုံတင် မိတ္တူ ၁ စုံ၊ ပိုင်ရှင်နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ မူရင်း ၁ စုံ၊ ယာဉ်ပိုင်ရှင်ဓါတ်ပုံ ၁ ပုံ တို့ လိုအပ်မည်ဖြစ်ပြီး ယာဉ်မောင်းအတွက်လိုအပ်ချက်များမှာ သက်တမ်းရှိယာဉ်မောင်းလိုင်စင် ‘ဃ’ (သို့) ‘င’ လိုင်စင်မိတ္တူ ၂ စုံ၊ အိမ်ထောင်စုစာရင်း မိတ္တူ ၁ စုံ၊ ယာဉ်မောင်းမှတ်ပုံတင် မိတ္တူ ၁ စုံ၊ ၁ လ အတွင်းရယူထားသော ယာဉ်မောင်း၏ ရပ်ကွက်ထောက်ခံစာ မူရင်း ၁ စုံ၊ ၁.၅ x ၂ (နောက်ခံအပြာ လည်ဂတုံး) အရွယ်အစားဓါတ်ပုံ ၂ ပုံ လိုအပ်မည်ဖြစ်သည်။

ပေးသွင်းရမည့် မှတ်ပုံတင်ကြေးနှင့် ဝန်ဆောင်ခများမှာ မှတ်ပုံတင်ကြေး ၃,၀၀၀ ကျပ်၊ မှတ်ပုံတင်ပြုလုပ်ရန် ပျက်ကွက်မှုအတွက် ၂ လ မှ ၁၁ လ အထိ ၅,၀၀၀ ကျပ်၊ ၁ နှစ် အထိ ၈,၀၀၀ ကျပ်၊ ၁ နှစ်နှင့်အထက်ဆိုပါက ၁၅,၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်သည်။ ဝန်ဆောင်ခများမှာ ‘ယာဉ်သစ်’ မှတ်ပုံတင်ပါက City အမှတ် ဆေးရေးခြင်း ၃,၅၀၀ ကျပ်၊ ယာဉ်မောင်းကဒ်ထည့်ရန် Box ၂,၅၀၀ ကျပ်၊ ယာဉ်မောင်းကဒ် ၃,၀၀၀ ကျပ်၊ ဓါတ်ပုံရိုက်ခြင်း ၅၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း YRTA ထံမှ သိရသည်။ City Taxi မှတ်ပုံတင်ခြင်းကို (၃၀.၉.၂၀၁၉) နောက်ဆုံးထားပြီး အမှတ် ၆၅၊ လေးထောင့်ကန်လမ်း၊ မာန်အောင်ရပ်ကွက်၊ တာမွေမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ရုံးချုပ်တွင် သွားရောက်လုပ်ဆောင်ရမည်ဖြစ်သည်။

YRTA အနေဖြင့် City Taxi မှတ်ပုံတင်ရာတွင် လာရောက်မှတ်ပုံတင်သည့် အရေအတွက်များပြားပါက အချိန်တိုအတွင်းပြီးစီးအောင် ကြိုတင်ပြင်ဆင်ထားကြောင်း၊ နောက်ပိုင်းတွင် မှတ်ပုံမတင်သည့်ယာဉ်များကို အရေးယူဆောင်ရွက်ခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ပြောကြားခဲ့သည်။

Reporter: Zing

Author

Comments